မေ ၂၃
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာ အနီးရှိ နွံကန်များ မိုးရာသီ၌ ပွင့်ကျနိုင်ကြောင်း နွံကန်ပတ်ဝန်းကျင်ရှိ ရွာသားများမှ ပြောဆိုနေကြသည်။
အဆိုပါ နွံကန်သည် မြဥယျာဉ်နှင့် ရတနာရွှေအိတ်၊ တောက်ပကြယ်အလင်း၊ မြန်မာဝင်ဂိတ်၊ ခင်ဇော်အောင်နှင့် ညီအကိုများအစရှိသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ လုပ်ကွက်ဟောင်း နေရာများတွင် တည်ရှိနေပြီး ဧကပေါင်းများစွာ ကျယ်ဝန်းသည်သာမက ပေပေါင်းရာချီနက်ကြောင်းလည်း ရွာသားများက ပြောသည်။
နွံကန်အောက်ခြေအနီးဝန်းကျင်တွင် လူနေတဲငယ်များ အမြောက်အမြားရှိနေပြီး နွံကန် မတော်တဆ ပွင့်ကျလာမည်ဆိုပါက အန္တရာယ်ရှိနိုင်ကြောင်း မှော်ပုံရွာသားတစ်ဦးဖြစ်သည့် ကိုကျော်စိုးက ပြောသည်။

“မိုးဆက်တိုက်ရွာတာနဲ့ ပွင့်ကျမှာပဲ။ ပွင့်ကျရင်တော့ဒီအောက်က တဲတွေကတော့ မတွေးရဲစရာပဲ။ ဒီတဲတွေ ကိုနေရာ ပြောင်းခိုင်းထားရမှာ။ မဟုတ်ရင် အန္တရာယ်ရှိတယ်”ဟု ကိုကျော်စိုးက ရှင်းပြသည်။
လုံးခင်း-ဖားကန့်ရတနာ နယ်မြေသည် ၂၀၁၈ ခုနှစ်မှစတင်ကာ နှစ်စဉ်သက်တမ်းကုန် လုပ်ကွက်ဟောင်း နွံကန်များ ပွင့်ကျလျက်ရှိနေပြီး နှစ်စဉ်လူပေါင်းများစွာ သေဆုံးခဲ့လျှက်ရှိကြောင်းလည်း သိရသည်။
နွံကန်ပွင့်ကျမှုဖြစ်ပါက လူသေဆုံးမှုများမဖြစ်စေရန် အနီးအနားရှိ လူနေတဲများကို သက်ဆိုင်ရာ ဌာနအနေဖြင့် ပြောင်းရွှေ့ပေးစေချင်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဆိုသည်။
“ဒီနွံကန်က ပထမတစ်ခါ ပေါက်ကျပြီးပြီ။ နောက်တခါက ဖောက်ချတယ်။ အန္တရာယ်ကတော့ ရှိနေပြီ။ဒီမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ဒီမှာရှိတဲ့တဲတွေကို ပြောင်းရွှေ့ဖို့နွံကန်ကို သွားကြည့်တဲ့နေ့က ပြောထားတယ်။ တဲပိုင်ရှင်တွေကို ပြောင်းရွှေ့ရမယ်ဆိုတဲ့အကြောင်းလည်း အသိပေး လက်မှတ်ထိုးခိုင်းထားတယ်”ဟု ဦးတင့်စိုးက အသိပေးပြောကြားသည်။
ဖားကန့်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ယူနတီ နွံကန်ပွင့်ကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း(၅၄) ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ဇော်မိုးထက်(ဖားကန့်)







