နိုင်ငံခြားနှင့် နယ်ပြန်များစည်းကမ်းလိုက်နာစေလို

962

လက်ရှိ ကမ္ဘာတွင် ကူးစက်ပြန့်ပွားနေသော Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ခံရသူ (၁၃) သိန်းကျော် ရှိနေပြီး လူပေါင်း (၇) သောင်းနီးပါး သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဧပြီလ (၆)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့သည့် Positive လူနာ (၂၁)ဦးအထိ ကူးစက်ခံထားရပြီး (၁)ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ မတ်လ (၂၃)ရက်နေ့မှ ရောဂါပိုးရှိသူ (၂) ဦးကို စတင်တွေ့ရှိခဲ့ပြီးနောက် နှစ်ပတ်ခန့် အကြာတွင် (၂၁)ဦးအထိ ကူးစက်မှု ဖြစ်ပွားခဲ့သည်။

ပိုး စတင်တွေ့ရှိသူ (၂)ဦးသည် အမေရိကန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။ ဖြစ်ပွားသူများတွင် အခြား တိုင်းတစ်ပါးနိုင်ငံမှ ပြန်လာသူအများစုဖြစ်ပြီး ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများတွင် ရောဂါပိုးတွေ့ရှိသူ (၁၄) ဦးထိ ရှိနေသည်။ အမေရိကန်ပြည်ထောင်စုမှ ပြည်လာသူ (၃) ဦး၊ အင်္ဂလန်မှ (၃)ဦး၊ ထိုင်း မှ (၂)ဦး၊ ပြင်သစ် မှ (၃) ဦး၊ ဆွစ်ဇာလန်နှင့် စင်္ကာပူနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ(၁)ဦးစီ စသည်ဖြင့် ပြည်တော်ပြန်များထံမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မတ်လ (၂၇) ရက်နေ့မှ စတင်ပြီး ပြည်တွင်းတွင် ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့ပြီးနောက် လူနာ အမှတ် (၁၅) မှတစ်ဆင့် မိသားစုလိုက် ကူးစက်ခံရမှုများ ရှိလာပါသည်။

လက်ရှိအခြေအနေထိ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အလွန်များပြားသဖြင့် ရောဂါပြန့်ပွားမှုလည်း ယခုထက် ပိုမိုမြင့်မားလာနိုင်ပေသည်။ ထို့ကြောင့် ပြည်တော်ပြန်များ အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ နေအိမ်များတွင် (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု Home Quarantine ကို မိမိနှင့် နိုင်ငံသူ/သား အားလုံးအတွက် အတိအကျ လိုက်နာဆောင်ရွက်ကြရန် လိုသည်။

သောင်းချီသော မြန်မာနိုင်ငံသားများမှာ ထိုင်း၊ တရုတ် အပါအဝင် ပြည်ပနိုင်ငံအသီးသီးမှ နေရပ်သို့ပြန်လာနေကြပြီး၊ ကပ်ရောဂါကူးစက်မှုများအကယ်၍ ပိုမိုများပြားလာပါက စမ်းသပ်မှုပိုင်းဆိုင်ရာ၊ ကြိုတင်ကာကွယ်မှုပိုင်းဆိုင်ရာ စက်ပစ္စည်းများ အားနည်းနေသေးသည့် အမိမြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်ရပ်ပင် ဖြစ်သည်။ အလားတူ ကူးစက်ခံရသူ (၂၁)ဦးအနက်၊ ရန်ကုန်တိုင်းဒေသတွင် (၁၂)ဦးအထိ ရှိနေသည့်အတွက် ရန်ကုန်မှ မိမိမြို့၊ မိမိနယ် ဒေသများသို့ ပြန်လာသူများအနေဖြင့်လည်း သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်ခြင်း Home Quarantine ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

မိမိနေရပ်တွင် နေထိုင်ကြသော ပြည်သူလူထုများကလည်း ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ၊ စည်းကမ်းတကျနှင့် ကူညီပံ့ပိုးပေးကြရန်လည်း အထူးလိုအပ်သည်။

ယခုကဲ့သို့ COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း အရေးပေါ်အခြေအနေကာလတွင် အခြေခံ စားနပ်ရိက္ခာများ ပြတ်လပ်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေးအတွက် အစိုးရအနေဖြင့် သေချာချမှတ်ဆောင်ရွက်ထားရန် အကြံပြုလိုပါသည်။

ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးသည် တစ်ကမ္ဘာလုံးအတွက် စိုးရိမ်ထိတ်လန့်စရာ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကာကွယ်ရေးနှင့် ကုသရေးကို အထူးကြပ်မတ် လုပ်ဆောင်နေသည့်နည်းတူ အစိုးရနှင့် ပြည်သူတစ်ရပ်လုံးသည်လည်း တာဝန်သိစိတ်ဖြင့် လက်တွဲကာကွယ် တားဆီးသွားရန် အထူးလိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here