ဇူလိုင် ၁၄
ဝိုင်းမော်မြို့နယ်က ဝါရှောင်ရေလွှဲဆည်ပြုပြင်နေချိန် သောက်သုံးရေ ခက်ခဲသွားသော ကျေးရွာအချို့ ရေရရှိရေးရန် ဂွေရွတ်ယန်ကျေးရွာရှိ နမ့်မြစ်ခချောင်းမှ ရေလွှဲယူခဲ့ရာ ချောင်းလမ်းကြောင်းကို မြေဖို့ပြီး လွှဲယူလိုက်ခြင်းကြောင့် ကုန်ထုတ်လမ်း ပျက်ဆီးသွားသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ဆည်ပြုပြင်မွမ်းမံနေချိန် နန့်ဝါကျေးရွာက အိမ်ခြေ(၃၀၀)ခန့် သောက်သုံးရေ ခက်ခဲသွားခြင်းကြောင့် မေလ (၁၉)ရက်နေ့ကစပြီး ဂွေရွတ်ယန်ရှိ နမ့်မြစ်ခချောင်းမှ ရေလွှဲယူပြီး သောက်သုံးရေ အဆင်ပြေသွားသော်လည်း ဂွေရွတ်ယန် ဒေသခံများအနေဖြင့် ချောင်းတစ်ဖက်ရှိ အခင်း၊ လယ်ယာ၊ ခြံဆီ သွားလာရန် ခက်ခဲနေကြောင်း ဒေသခံများထံက သိရသည်။
ယခင်က မြစ်ချောင်းဘေးကမ်းပါးလမ်းမှ ဖြတ်ကာ တစ်ဖက် စိုက်ခင်း၊ ခြံများသို့ သွားလာခဲ့ရသော်လည်း ယင်းကုန်ထုတ်လမ်းကိုဖြတ်၍ မြေတူးလိုက်ခြင်းကြောင့် စပါးစိုက်ခင်းသွားသူများ သာမက တညင်းသီးများကို သယ်ယူရန် အခက်အခဲတွေ ကြုံ့တွေ့နေရကြောင်း သိရသည်။
တာဝန်ရှိသူများ အနေဖြင့် ရေလွှဲယူပြီးချိန် လမ်းများကို ပြန်လည်ပြုပြင်ပေးသွားမည်ဟု ပြောဆိုထားကြောင်း ဂွေရွတ်ယန်ကျေးရွာ ရာအိမ်မှူး ဦးဂျာလက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
“မြေတွေ၊ မြေစာတွေယူဖို့ ကျွန်တော်တို့ တော်တော် ခြံတွေအနစ်နာခံပြီး ကူညီပါတယ်။ လူကြီးတွေက လာကြည့်ပြီး နဂိုအတိုင်း ဖြစ်အောင်၊ စိတ်ချ အဆင်ပြေအောင် လုပ်ပေးသွားမယ်လို့ ညှိထားတာတွေ ရှိပါတယ်”ဟု ဦးဂျာလက ပြောသည်။
မိုးရာသီ ဖြစ်သော်လည်း နမ့်မြစ်ခချောင်းသည် ရေကျသည့်အလျောက် ဖြတ်သန်း သွားလာနိုင်သော်လည်းယခုကဲ့သို့ ချောင်းကမ်းပါးလမ်းကို ဖြတ်ကာ ရေလမ်းကြောင်း လွှဲလိုက်ခြင်းကြောင့် တောင်သူများအနေဖြင့် ကား၊ နွားလှည်းများ သွားလာ၍ မရတော့ကြောင်း ဦးဂျာလက ဆက်လက်ပြောသည်။
“ရေရရှိသူလည်း ရေရရှိသွားပြီ။ ရေရှိသွားတဲ့နောက်မှာ ပြည်သူတွေရဲ့ အခက်အခဲက အခု ဒီလိုတစ်ရွာလုံးရဲ့ ကုန်ထုတ်လမ်းဖြစ်တဲ့ လှည်း၊ ကားတွေသွားတဲ့ လမ်းကြီးကို ဒီလိုတူးထားပြီး ပြန်မဖြန့်ပေးသွားတဲ့အတွက် ပြည်သူတွေ အခက်အခဲဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
နမ့်မြစ်ခချောင်း တစ်ဖက်ကမ်းတွင် ဂွေရွတ်ယန်ဒေသခံများ သာမက ဝါရှောင်ဒေသခံများပါ အခင်းများ ပြုလုပ်ထားသည့်အပြင် ယခုရာသီသည် တညင်းသီးများပေါ်သည့် ရာသီဖြစ်သောကြောင့် ခူးယူသယ်ဆောင်ရန်အတွက် အခက်တွေ့နေခြင်းကြောင့် သိရသည်။
အဆိုပါ ချောင်းပေါ်တွင် ဂွေရွတ်ယန်ကြိုးတံတား ရှိသော်လည်း ဆိုင်ကယ်ဖြင့်သာ ဖြတ်သန်းသွားလာရပြီး တညင်းသီးများ သယ်ဆောင်ရေး မလွယ်ကူနိုင်ကြောင်း ဒေသခံတောင်သူ ဦးလထွယ်က ပြောသည်။
“လမ်းက ကျွန်တော်တို့ တောင်သူတွေအတွက် မရှိမဖြစ် ကုန်ထုတ်လမ်း ဖြစ်တယ်။ အခုကိုယ်တိုင် ဖြတ်ရတော့မယ်။ ဒညှင်းတွေက ခေါင်းနဲ့လွယ်ပြီး သယ်ဖို့က ဘယ်လိုမှ မလွယ်ကူနိုင်ဘူး။ အသီးတွေက လေးတယ်။ မိုးတွင်းကုန်မှ လာလုပ်ပေးမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဦးလထွယ်ကဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ညွှန်ကြားချက်နှင့်အညီ အရေးပေါ် ရေလွှဲပေးသည့် အချိန် ကုန်ထုတ်လမ်းများ ပျက်စီးသွားသော်လည်း ယခုချိန် ချောင်းရေကျလာပြီး စက်များ တစ်ဖက်ကမ်းသို့ ဖြတ်သန်းရန် ခက်ခဲခြင်းကြောင့် မိုးတွင်းကုန် ပွင့်လင်းရာသီရောက်လျှင် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း ဝိုင်းမော်မြို့နယ် ဆည်မြောင်းဦးစီးဌာနက ဦးစီးအရာရှိ ဦးနေဝင်းဦးက ပြောသည်။
“မလုပ်ဆောင်လို့ ပစ်ထားတာလည်း မဟုတ်ပါဘူး။ မိုးတွင်းမှာဆို ရေက မြင့်လာပြီ။ ဆိုတော့ စက်တွေက ကူးလို့ မရတော့ဘူး။ ကူးလို့ရတဲ့အချိန် ဖို့တော့ ဖို့ပေးထားပေမယ့် အလုံးစုံ မပြည့်စုံသွားဘူး။ နည်းနည်းလေး ကျန်သွားတဲ့ အပိုင်းရှိတယ်။ ပြန်လုပ်ပေးမှာပါ။ မိုးနည်းနည်းစဲပြီး စက်လည်း ဝင်လို့ရတဲ့အချိန် ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်”ဟု ဦးနေဝင်းဦးက ဆိုသည်။
ဝါရှောင်ကျေးရွာအုပ်စုတွင်ရှိသည့် ဂွေရွတ်ယန်ကျေးရွာသည် အိမ်ခြေ (၆၀)ခန့်ရှိပြီး လူဦးရေ (၃၀၀) ကျော် နေထိုင်လျက်ရှိသည့် ကျေးရွာ တစ်ရွာ ဖြစ်သည်။
Ann/Benadeth







