ကချင်ပြည်နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ (၁၁) သိန်းနီးပါးရှိ၊ ယခင် ရွေးကောက်ပွဲထက် (၃) သိန်းကျော်တိုး

828

မြစ်ကြီးနား၊ ဇူလိုင် ၂၈

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လက်ရှိအချိန်အထိ စာရင်းပြုစုထားချက်အရ လူဦးရေ (၁၁)သိန်းနီးပါးခန့် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကချင်ပြည်နယ်တွင် လူဦးရေ (၁၆)သိန်းနီးပါး နေထိုင်ကြသည့်အနက် လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ (၁၁)သိန်းနီးပါးရှိနေခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အတွင်းရှိ ခရိုင်(၄)ခရိုင်၊ မြို့နယ်(၁၈)မြို့နယ်၊ ရပ်ကွက် (၁၇၈) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၃၉၂) အုပ်စုတို့တွင် စားရင်းကောက်ယူချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀)သိန်း (၉)သောင်းကျော် ရှိကြောင်း သိရသည်။
မဲပေးပိုင်းခွင့်ရှိသူ မြစ်ကြီးနားခရိုင် (၃)သိန်း(၆)သောင်းခန့်၊ ဗန်းမော်ခရိုင်(၂)သိန်းခွဲခန့်၊ မိုးညှင်းခရိုင် (၄)သိန်း(၂)သောင်း ဝန်းကျင်ခန့်နှင့် ပူတာအိုရိုင်တွင် (၆)သောင်းခန့် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။

“ကချင်ပြည်နယ်မှာ လူဦးရေအားဖြင့် (၁၅)သိန်းနဲ့ (၇)သောင်းလောက်ရှိတယ်။ အဲ့ဒီထဲကမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၀)သိန်းနဲ့ (၉)သောင်းလောက် မဲပေးပိုင်ခွင့်ရှိတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ (၈) သိန်းကျော်သာရှိခဲ့ပြီး ယခင် ရွေးကောက်ပွဲထက် မဲပေးခွင့်ရှိသည့် လူဦးရေ(၃)သိန်းနီးပါးခန့် တိုးလာကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲရုံပါင်း (၈၁၃) ရုံ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံပေါင်း(၈၈၉)ခုထားရှိရန် သတ်မှတ်ထားပြီး မဲရုံပေါင်း (၇၆)ရုံ တိုးလာခြင်း ဖြစ်သည်။

ဇူလိုင်လ (၂၅)ရက်နေ့မှ စတင်ပြီး သြဂုတ်လ ၇ရက်နေ့အထိ ပထမအကြိမ် မဲစာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး မဲစာရင်း မှားယွင်းခြင်းများ မရှိအောင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များမှ လုပ်ဆောင်နေကြောင်း ဦးထွန်းအောင်ခိုင်က ဆိုသည်။

“မဲစာရင်း ကြေညာထားတဲ့ ကာလအတွင်းမှာ မဲဆန္ဒရှင်တွေ မဲစာရင်းမှာ မပါလို့ ကျန်ခဲ့တဲ့ တောင်းဆိုမှုတွေ၊ အချက်အလက်တွေ မှားယွင်းလို့ ပြင်ဆင်လိုချင်တဲ့ တောင်းဆိုမှုတွေ မပါဝင်သင့်ဘဲ ပါဝင်နေတဲ့ သူတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာတွေအတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကိုလည်း သိသင့်၊ သိထိုက်တာတွေကို ဒီကာလအတွင်းမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို သေချာမှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြို့နယ်ကော်မရှင်တွေက လိုအပ်တာတွေကို ဆွေးနွေးပေးနေတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်းတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၃၆)နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၈)နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)နေရာသတ်မှတ်ထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀)နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၆၈)နယ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်(၆၄၄)နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉)နယ် အတွက် ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဇူလိုင်(၁)ရက်နေ့က ကြေညာခဲ့သည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here