မြစ်ကြီးနား၊ ဇူလိုင် ၂၈
ဘော်ဒါဆောင်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်မပြုသေးခြင်းကြောင့် မိဘ၊ ဆရာများနှင့် ကျောင်းသူကျောင်းသားများ အတွက် အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ထားသည့် ဆရာများက ပြောသည်။
မြန်မာနိုင်ငံ၏ အထက်တန်းပညာရေး စနစ်သည် ကျူရှင်များ၊ ဘော်ဒါဆောင်များ၏ ပံ့ပိုးမှုများနှင့် သွားနေရသည့် ပညာရေးစနစ်ဖြစ်သောကြောင့် ယခုကဲ့သို့ ဘော်ဒါဆောင်များ၊ ကျူရှင်များကို ဖွင့်လှစ်ရန် ခွင့်မပြုခြင်းသည် အဝေးမှကျောင်းလာတက်မည့် ကျောင်းသူကျောင်းသားများအတွက် အခက်အခဲများစွာ ရှိကြောင်း မြတ်ပါရမီကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာစိုင်းမင်းထွန်းက ပြောသည်။
“ကိုယ်ပိုင်ကျောင်းတက်တဲ့ ကလေးတွေ (၉၅)ရာခိုင်နှုန်းက ဘော်ဒါဆောင်တွေနဲ့တွဲပြီး နေရတယ်။ အများစုက အဝေးကကျောင်းသားတွေပေါ့။ ဥပမာပြောရရင် ပူတာအို၊ ခေါင်လန်ဖူး၊ ဆော့လော် စတဲ့ နေရာကလာတဲ့ ကလေးတွေရှိတယ်။ ဒီ ကလေးတွေဘယ်မှာနေပြီး ပညာသင်ကြားမှာလဲ။ ကလေးတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းက အများကြီး အခက်အခဲတွေ ကြုံရတော့မှာပေါ့”ဟု ဆရာစိုင်းမင်းထွန်းက ပြောသည်။
ဘော်ဒါဆောင်များ ဖွင့်ခွင့်မရခြင်းသည် ဘော်ဒါဆောင်များတွင် စာသင်ကြားပေးနေသော ဘာသာရပ်သင် ဆရာများအတွက်လည်း များစွာအခက်အခဲရှိသည့်အတွက် တန်းတူဖွင့်ခွင့်ရှိသင့်သည်ဟု ထင်မြင်မိကြောင်း မြတ်ပညာရတနာကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆရာဦးသန်းကိုက ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဆရာ၊ဆရာမလုပ်ပြီဆိုတာနဲ့နေထိုင်ပြောဆိုတာတွေကအစ သူ့ရဲ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရတာဖြစ်တဲ့အတွက် ကြုံတဲ့အလုပ်ကို ဝင်လုပ်လို့လည်းမရဘူး။ အခြားအလုပ်ကို အလွယ်တကူ ကူးပြောင်းပြီးလုပ်ဖို့လည်း အဆင်မပြေတာကြောင့် တော်တော့်ကိုအခက်အခဲရှိပါတယ်”ဟု ဦးသန်းကိုမှ ပြောသည်။
ယခင်နှစ်များက သင်ကြားရမည့် ကျောင်းသင်ရိုးညွှန်းတန်းနှင့် ကျောင်းချိန် ကိုက်ညီမှုရှိခဲ့သည့်အတွက် ကျောင်းသားများ၏ ပညာရေးအား ထိခိုက်ခြင်းမရှိခဲ့သော်လည်း ယခုကဲ့သို့ covid-19 ရောဂါဖြစ်ပွားနေသည့်ကာလတွင် ကျောင်းဖွင့်ချိန် (၇)လသာရှိပြီး နေ့တစ်ပိုင်းသာ သင်ကြားနေရခြင်းကြောင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် အခက်အခဲရှိကြောင်း မြင့်မိုရ်ဘော်ဒါမှ ဆရာဦးအောင်မင်းစိုးက ပြောသည်။
“အရင်ပညာသင်နှစ်တွေမှာ မြို့နယ်အောင်ချက်၊ ပြည်နယ်အောင်ချက်နဲ့ နိုင်ငံရဲ့ အောင်ချက်တွေမှာ ဒီ ဘော်ဒါဆောင်တွေဟာအရမ်းကို အထောက်အကူပြုခဲ့ပါတယ်။ အခုလည်း စာသင်နှစ်ရှိနေတာကြောင့် အစိုးရပညာရေးနဲ့ ပုဂ္ဂလိကဘော်ဒါတွေ၊ ကျူရှင်တွေအားလုံးပူးပေါင်းပြီး သင်ကြားမှုတွေ ပြုလုပ်မယ်ဆိုရင် အခုရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြေလည်သွားနိုင်တယ်”ဟု ဆရာဦးအောင်မင်းစိုးက ပြောသည်။
ဘော်ဒါဆောင် ထားရှိ ဖွင့်လှစ်သည့် ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများကို ဖွင့်လှစ်ရန် ခွင့်မပြုကြောင်း ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားဗဟိုကော်မတီက ဇူလိုင်လ (၁၄)ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အခြေခံပညာကျောင်း အထက်တန်းအဆင့်များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများကို ဇူလိုင်လ (၂၁)ရက်နေ့က စတင်ဖွင့်လှစ်နေပြီး၊ အထက်တန်းအဆင့်များ ဖွင့်လှစ်ပြီၤး နှစ်ပတ်ခန့်အကြာတွင် ရောဂါအခြေအနေ တည်ငြိမ်အေးဆေးမည်ဆိုလျှင် အလယ်တန်းနှင့် မူလတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားရန် ပညာရေးဝန်ကြီးဌာနက လျာထားကြောင်း သိရသည်။
ဂျာဒွဲ







