ကိုဗစ်ကာလဖြစ်သည့်အတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများ ကြုံတွေ့နေ

570

စက်တင်ဘာ ၁၇

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများက ပြောသည်။

မဲဆွယ်စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲယာအနည်းဆုံး(၆)ပေအကွာမှ ဆောင်ရွက်ရန်၊ ဟောပြောစည်းရုံးရေးများ ပြုလုပ်ရာတွင် လူ(၅၀)ဦးထက် မပိုရ၊ လက်ဆွဲမနှုတ်ဆက်ရ စသည့် စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ထုတ်ပြန် ကြေညာထားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် မြစ်ကြီးနားမြို့အတွင်းက ရပ်ကွက်။ကျေးရွာတိုင်းတွင် မဲဆွယ်စည်းရုံးချိန် လူဦးရေကန့်သတ်ချက်များ ရှိနေသည့်အတွက် အခက်အခဲ ကြုံနေရသည်သာမက ပြည်သူလူထုအများစုကလည်း ကျန်းမာ ရေးအတွက် စိုးရိမ်မှုများ ရှိနေကြကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဆိုင်းနူးပန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ငွေရေးကြေးရေး အခက်အခဲတွေ ရှိလာတယ်။ တစ်ဖက်မှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းအရ လူစုလူဝေး မလုပ်ရဆိုတာတွေ။ အခက်အခဲအများကြီး ရှိတယ်။ မြစ်ကြီးနားမြို့မှာ ရပ်ကွက်၊ ကျေးရွာ တစ်ရာကျော်ရှိတယ်။ ကန့်သတ်ချိန်ကာလအတွင်း ရပ်ကွက်တိုင်း သွားရောက်ဖို့အတွက်လည်း အခက်အခဲဖြစ်တာတွေသာမက စည်းရုံးရေးဝင်တဲ့အခါ ပြည်သူလူထုတွေလည်း စိုးရိမ်ကြတယ်”ဟု ဆိုင်းနူးပန်က ပြောသည်။

မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာတွင် လူ(၅၀)ဦးထက် မပိုရ စည်းကမ်းသတ်မှတ်ချက်များ ရှိနေခြင်းသာမက တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ နေရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဟောပြောမှုများ ပြုလုပ်ရာတွင် နေရာထိုင်ခင်း အခက်အခဲများရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။

“(၆)ပေ ကွာရမယ်ဆိုတော့ နေရာထိုင်ခင်းရဖို့ မလွယ်ဘူး။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေမှာ ရှိတာက ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်းသုံးလို့ ရရင်တော့ အဆင်ပြေတယ်။ ဒါတွေကလည်း သုံးလို့ မရဘူးဆိုတော့ အခက်အခဲတော်တော်လေးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မဲဆွယ်စည်းရုံးရာတွင် လူအင်အားအများဖြင့် စည်းရုံးခွင့်မရှိခြင်းကြောင့် အချိန် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး ပါတီကြီးများထက် အသစ် ဖွဲ့စည်းလာသော တိုင်းရင်းသားပါတီများ အနေဖြင့် ပိုမိုခက်ခဲနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီက ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအောင်ဟိန်းမင်းက ၎င်း၏ အမြင်ကို ပြောသည်။

“NLD ပါတီအနေနဲ့ကျတော့ ပါတီကြီးတစ်ခု ဖြစ်တယ်။ သူ့ပုံရိပ်နဲ့ သူလည်း လူလည်း သိတာများတဲ့ ပါတီတစ်ခုဖြစ်တော့ ဒီလိုမျိုး မဲဆွယ်စည်းရုံးဖို့အတွက် အခက်အခဲဖြစ်ပေမယ့် တစ်ပန်းသာနေသေးတယ် လို့ မြင်လို့ ရတာပေါ့။ အခုမှ အသစ်ဖွဲ့တဲ့ တိုင်းရင်းသားပါတီတွေကိုတော့ ကိုယ်ချင်းစာပါတယ်။ အခုအချိန်မှာ ပါတီမိတ်ဆက်၊ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပြီး မဲဆွယ်စည်းရုံးရမှာ ဖြစ်တယ်”ဟု ကိုအောင်ဟိန်းမင်းက ဆိုသည်။
မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ(၈)ရက်နေ့မှ စတင်ပြီး နိုဝင်ဘာလ(၆)ရက်နေ့အထိ ရက်ပေါင်း(၆၀) ခွင့်ပြုထားသည်။

ကိုဗစ်ကာလတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းရန် တောင်းဆိုမှုများရှိနေသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here