ဧပြီ၊၃၀
ပူတာအိုမြို့နယ်၊ မန်ဇေခွန်အုပ်စု၊ မလိရန်ကျေးရွာအနီးတွင် တောမီးလောင်နေသည်မှာ (၉) ရက်ခန့် ရှိပြီဖြစ်ပြီး ဧက (၁၀၀) ကျော်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယခု တောမီးလောင်နေသည့် နေရာသည် ပူတာအိုမြို့ နှင့် (၁၅) မိုင်ခန့်ကွာဝေးပြီး ရွာသူ/သားများ၏ စား၀တ်နေရေးအတွက် အခင်းလုပ်ကိုင်ရာ နေရာဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
” ကျွန်တော်တို့က တောင်ယာလုပ်၊အခင်းလုပ်တဲ့နေရာဟုတ်တယ်။ အခုမီးက နေ့ရောညရော ဆက်တိုက်လောင်တာ။ အဲ့ဒီနေရာက ဘေးမဲ့တောလည်းဟုတ်တယ်။ မီးလောင်နေတာ ကြာပြီ။ တာ၀န်ရှိသူတွေက ခုထိ တာ၀န်ယူဖြေရှင်းပေးတာလည်းမရှိဘူး” ဟု ဒေသခံက ဆိုသည်။
တောမီးလောင်နေသောကြောင့် အခင်းလုပ်ကိုင်စားသောက်နေထိုင်နေသည့် ရွာသူ/ သားအချို့ မီးဘေးဒဏ်မှ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။
အလားတူ ယခင်ကလည်း နေပူရှိန်ပြင်းထန်သောကြောင့် ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီ ဘေးမဲ့တောတွင် ပါ၀င်သည့် ခါးလန်တွင် တောမီးလောင်ခဲ့သော်လည်း တာ၀န်ရှိသူများက တာ၀န်ယူဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
မလိရိန်ကျေးရွာအနီး မီးလောင်နေသည့်နေရာသည် သစ်တောကာကွယ်တောတွင် ပါ၀င်ပြီး တောရိုင်းတိရိစ္ဆာန်များ မျိုးသုဥ်း ပျက်စီးသွားနိုင်သောကြောင့် တာ၀န်ရှိသူများ အနေဖြင့် တာ၀န်ယူဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။







