မတ်၊၁၉
ပူတာအိုမြို့နယ်အတွင်း နိုင်ငံတောင်အဆင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ခရီးစဉ်သဖြင့် လမ်းဆုံ၊ လမ်းထောင့်များတွင် ယမန်နေ့ (မတ်လ ၁၈)က စပြီး လုံခြုံရေးယူထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ပူတာအိုမြို့ ဒေသခံအချို့၏ ပြောကြားချက်အရ မဂွေဇ – ခေါင်လန်ဖူး လမ်းဖွင့်ပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဟု ကြားသိနေရသော်လည်း မြစ်ကြီးနားသတင်းဂျာနယ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ ပူတာအိုမြို့တွင်း ရဝမ်စာပေယဉ်ကျေးမှု ပြတိုက်ဖွင့်အတွက် နိုင်ငံတော်အဆင့် အရာရှိကြီး လာရာက်မည် ဖြစ်သောကြောင့် မြို့တွင်း လုံခြုံရေး တင်းကြပ်ထားသည်ဟုဆိုသည်။
” လမ်းဖွင့်ပွဲကို အရာရှိတစ်ဦးလာမယ်လို့တော့ကြားတယ်။ မင်းအောင်လှိုင်လား ဘယ်သူ လားတော့ မသိဘူး။ ပူတာအိုမြို့မှာ နိုင်ငံတော်အဆင့်ရှိတဲ့ ရဝမ်စာပေယဉ်ကျေးမှု ပြတိုက်ဖွင့်ပွဲလို့ပဲကြားတာ။ ဘယ်နေ့ ဖွင့်ပွဲ လုပ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး။ပြတိုက်က ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် မှာဟုတ်တယ်။ ပူတာအိုမှာတော့ ဒီနေ့ကနေ လုံခြုံရေးချထားပြီ။ လမ်းဆုံ၊ လမ်းကြားတွေမှာ” ဟု ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
ဒါ့အပြင် ပူတာအို လေကြောင်းလိုင်းများကိုလည်း ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကစ ရပ်နားထားသည်ဟု ကြားသိရကြောင်းလည်း ဒေသခံက ဆိုသည်။







