ဧပြီ၊ ၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာအတွင်း ယမန်နေ့ကနေ စတင်ပြီး စစ်ကောင်စီ ပူးပေါင်းတပ်တို့ အင်အားအလုံးအရင်းဖြင့် စခန်းချ လာရောက်နေထိုင်နေသောကြောင့် ဒေသံများ စိုးရိမ်နေကြကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ(၈၈)၊ (၉၉)၊ (၁၃၈) ပူးပေါင်းတပ်ဖွဲ့ အင်အား(၂၀၀)ကျော်က ဒေသခံပြည်သူများ၏ နေအိမ်အတွင်း လူစုခွဲကာ လာရောက်နေထိုင်နေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေရကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
“ရွာမှာ စစ်သားက အပြည့်ဘဲ။ တပ်မ(၈၈)၊ တပ်မ(၉၉)၊ (၁၃၈)၊ (၃)ဖွဲ့လောက် ဟုတ်တယ်။ မနေ့ည (၄)နာရီက တစ်ဖွဲ့၊ ဒီမနက်ရော တစ်ဖွဲ့ ရောက်လာတာ။ (၂၀၀)ကျော်လောက် ရှိမယ်။ အိမ်တိုင်းလိုလို သူတို့က ဝင်နေနေကြတာ။ အရမ်းစိုးရိမ် နေရတယ်။ ဘာဆက်ဖြစ်မလဲ ဆိုတာ မသိနိုင်တော့ဘူး။ ဘာလို့ ဝင်လာတာလဲ မသိဘူး။ အိမ်(၄၀)လောက်မှာ သူတို့ ဝင်နေနေကြတယ်”ဟု ၎င်းက ပြောသည်။
ဒေသခံပြည်သူများ အနေဖြင့် အနီးအနား ဝန်းကျင်များတွင် သေနတ်သံများ ထွက်ပေါ်လာပါက စစ်ရေးတင်းမာလာမည်ကိုလည်း စိုးရိမ်နေကြသည်။
ဝင်ရောက်တပ်စွဲနေသည့် တန်ဂျာ ကျေးရွာတွင် ဒေသခံပြည်သူ ခန့်မှန်းခြေ (၅၀၀)ကျော် ရှိကြောင်းလည်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့ကလည်း တန်ဂျာကျေးရွာအနီးက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်စခန်းအနီးသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ပုံဟောင်းဖြစ်ပါသည်။







