မံစီမြို့နယ်ထဲက မဂျီဂုံ ဗျူဟာကုန်းဘက်သို့ ရိက္ခာပို့ရန်သွားသည့် စစ်ကောင်စီယာဉ် (၂) စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယနေ့တွင်လည်း ထပ်ပို့ရန်စီစဉ်နေ

1350
စစ်ကောင်စီယာဉ်တန်း

ဧပြီ ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်၊ မဂျီဂုံ ဗျူဟာကုန်းဘက်သို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီကား (၂) စီး မိုင်းခေါင်နှင့် လိုင်ကာ ဆွပ်ဂျာကျေးရွာကြားတွင် ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ပျက်စီးခဲ့သော်လည်း ယနေ့တွင် စစ်ကောင်စီမှ ကား (၃) စီးဖြင့် ရိက္ခာထပ်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

မိုင်းဆွဲမှုကြောင့် ပျက်စီးခဲ့သည့် စစ်ကောင်စီရိက္ခာတင်ကားကို ယနေ့ မနက်ပိုင်းက ပြန်လည်ပြုပြင်နေကြပြီး ရိက္ခာ ထပ်ပို့ရန် စီစဉ်နေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မနေ့ကသူတို့ ရိက္ခာတွေဘာတွေ ကားနဲ့ မနေ့ကတက်လာတယ် ။ မနေ့က ဗုံးပေါက်ကွဲသွားတယ် ။ ကား (၂) စီးတော့ ပျက်စီးသွားတယ်။ ဒီနေ့မနက်လည်း သူတို့က မနေ့ကပျက်စီးသွားတဲ့ကားကို ပြန်ပြင်ပြီးမှ ပြန်သွားမယ့်အစီစဉ်ရှိမယ်ထင်တယ် ။” ဟု ဒေသခံက ဆိုသည်။

မံစီမြို့နယ်အတွင်းရှိ မဂျီဂုံဗျူဟာကုန်းဘက်သွားရာ လမ်းတစ်လျှောက်တွင် စစ်ကောင်စီယာဉ်တန်းများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်မှလည်း နည်းလမ်းပေါင်းစုံဖြင့် အင်အားဖြည့်တင်းမှုများအပြင် လက်နက်ရိက္ခာများ ပို့ရန်လည်း စီစဉ်လျက်ရှိသည်။

“အခုလောလောဆယ် မိုင်းခေါင် မဂျီဂုံ ဗျူဟာကုန်းပေါ့ ။ မိုင်းခေါင် လိုင်ကာဇွပ်ကြားအဲ့ဒီဘက်မှာ။ စစ်တပ်က ဗျူဟာကုန်းရှိတယ်။ အဓိကတော့ မန်ကျည်းကုန်း ဗျူဟာကုန်းမှာ သူတို့ကရိက္ခာတွေသွားပို့တယ်။ အဲ့လမ်းမှာ KIA နဲ့ PDF တွေပေါင်းပြီးမှ ဗုံးပေါက်ကွဲတာ ဘာညာရှိတယ် ။ အဲ့ဒါကြောင့်သူတို့က မဂျီဂုံဗျူဟာကုန်းဘက်ကို မရရတဲ့နည်းနဲ့ သွားနေတာ ။ ဟိုတစ်နေ့က တစ်ခေါက်သွားတယ် အဆင်မပြေဘူး။ မနေ့ကလည်းသွားတယ် အဆင်မပြေဘူး။” ဟု အထက်ပါဒေသခံက ဆက်လက်ပြောပြသည်။

မံစီမြို့နယ်သည် KIA တပ်မဟာ (၃) မှ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်ဗျူဟာကွပ်ကဲရေးဌာနချုပ် စကခ (၂၁) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၁၉) တပ်များ အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ မေလအတွင်းက မံစီမြို့နှင့် (၅) မိုင်ခန့်ကွာဝေးသည့် မဒမ်ယန် ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းမှ တိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here