ပူတာအိုတွင် ကျန်းမာရေးဝန်ထမ်း နည်းပါးသည့်အတွက် သက်ကြီးရွယ်အိုများ ကျန်းမာရေးဆိုင်ရာ အခက်အခဲဖြစ်

721
ပူတာအို-သက်ကြီးရွယ်အို
ပူတာအိုမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံအချို့နှင့် ကျေးလက်ဌာနများတွင် ကျန်းမာရေးဝန်ထမ်းများ မရှိသည့်အတွက် ယင်းဒေသမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးဆိုင်ရာ ခက်ခဲမှုများရှိနေသည်ဟု သိရသည်။
ပူတာအို၊ အထက်ဆန်ဂေါင်ကျေးရွာရှိ သက်ကြီးရွယ်အိုအများစုသည် သွေးတိုး၊ဆီးချိုနှင့် အစာအိမ် ရောဂါများ အဖြစ်များပြီး ပရဟိတအဖွဲ့ဝင်များ အနေဖြင့်လည်း အထက်ပါရောဂါများနှင့် သက်ဆိုင်သည့် ဆေးဝါးပစ္စည်းများ အဓိကလိုအပ်နေကြောင်း ပူတာအိုခရစ်ယာန် ပရဟိတ အဖွဲ့ဝင် တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“သွေးတိုး၊ ဆီးချို၊အစာအိမ် ဒီသုံးခုအဖြစ်များတယ်။ကျေးလက်ကျန်းမာရေးဌာနက အောက်ဆန်ဂေါင်ရွာနဲ့တွဲထားတာ ဟုတ်တယ်။ဆရာဝန် ဆရာမတွေ မရှိတော့ သူတို့ ကျန်းမာရေးပိုင်းမှာ အခက်အခဲရှိနေတာပေါ့။ကျွန်တော်တို့ ပရဟိတအသင်းတွေကို ကျန်းမာရေး check လာလုပ်ပေးပါဆိုပြီးတောင်းဆိုလာတယ်။ပါရာတို့ အားဆေးတို့ သွေးကျဆေး၊ အစာအိမ်ဆေး၊ဆီးချိုကျဆေးတို့ အဓိကလိုအပ်နေပါတယ်။”ဟု ဆိုသည်။

ထို့အပြင် ဖြတ်သန်းသွားလာခွင့်အချိန်ကန့်သတ်ထားသည့် လုံရှာယာန်ကျေးရွာအုပ်စုတွင်လည်း တိုက်နယ်ဆေးရုံပိတ်ထားသောကြောင့် ညရေးညတာ အရေးပေါ်ကျန်းမာရေးကိစ္စများတွင် ခက်ခဲနေကြောင်းလည်း သိရသည်။

“လုံရှာယာန်တိုက်နယ်ဆေးရုံက ပိတ်ထားတာနှစ်လကျော် သုံးလလောက်ရှိလာပြီ။ ဆရာဝန်ရော ကျန်းမာရေး ဆရာမတွေရော မရှိတော့ဘူး။မငြိမ်းချမ်းမှုကြောင့်ပေါ့နော်။ အဲဒါကိုအကြောင်းပြပြီး အကုန်ပြန်သွားကြပြီ။ လုံရှာယာန်အုပ်စုရော တော်တော် အခက်တွေ့နေတာ ။တစ်ခုခုဖြစ်ပြီဆိုရင် ဒီပူတာအိုဘက်ပဲလာရတာလေနော်။ အချိန်ကန့်သတ်ထားတော့ လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ အရေးပေါ်လူနာတွေ ညမှာတစ်ခုခုဖြစ်ရင်လည်း ညဆိုဘယ်သူမှဖြတ်လို့မရဘူး သက်ကြီးပိုင်းတွေ၊ ဟိုဟိုဒီဒီမသွားနိုင်တဲ့သူတွေ အရမ်းခက်ခဲနေတာပေါ့။”ဟု ပရိဟိတ အဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။
ပူတာအိုခရိုင်အတွင်းက ဝေးလံခေါင်ဖျားသည့်နေရာများတွင်လည်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိပြီး အထက်ဆန်ဂေါင်ဒေသခံများ၏ တောင်းဆိုလာမှုကြောင့် ပူတာအိုခရစ်ယာန်ပရဟိတအသင်းမှ ဧပြီလ(၁၈)ရက်နေ့က ကျန်းမာရေးစစ်ဆေးခြင်းများ သွားရောက်ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here