ဖားကန့် ဆိုင်းရာကျေးရွာအုပ်စုအတွင်း သုံးရေအခက်အခဲဖြစ်နေ

702
ဖားကန့်မှော်

ဧပြီ၊၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဆိုင်းရာ ကျေးရွာ အုပ်စုနေ ပြည်သူများ သုံးရေအခက်အခဲ ဖြစ်နေသဖြင့် ရေသန့်ဗူးများ ဝယ်ယူ သုံးစွဲနေရသည်မှာ တစ်လနီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ရပ်ရွာ လူကြီးများမှ စီမံဆောင်ရွက်ပြီး ရေမီတာများဖြင့် ရပ်ရွာနေ ပြည်သူအားလုံးနီးပါးကို ရေဖြန့်ဝေနေရာမှ မီးပျက်သည်ဟု ဆိုကာ ရေမဖြန့်ဝေတော့သည်မှာ(၁)လနီးပါး ရှိလာပြီ ဖြစ်သောကြောင့် အခင်အခဲ ဖြစ်နေရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ရေသန့်ဝယ်ပြီး သုံးနေကြရတာ တစ်လလောက် ရှိလာပြီ။ ရေက ရှိတယ်။ ရေတွင်းရော တူးထားတယ်။ ရေပေးဖို့ မီးမလာဘူးဆိုပြီး လူကြီးတွေ အကြောင်းပြတာ။ မီးစက် ဝယ်ဖို့ အကူအညီတောင်းရအောင် ပြောတော့လဲ မလုပ်ဘူး။ သူက ရေမော်တာနဲ့ ပေးတာ။ အခုက ရေသန့်ဗူးပဲ ဝယ်ပြီး သုံးနေရတယ်။ သွားတိုက်၊ မျက်နှာ သစ်က အစပေါ့။ ဖြစ်သလို သုံးနေကြရတယ်။”ဟု ၎င်းက ပြောသည်။

မီးလာသည့် အချိန်တွင် ရေတင်ထားသည့် ရေများကို ဒေသခံများဆီ ဖြန့်ဝေပေးစေလိုကြောင်းနှင့် ‌ရေကို ပုံမှန်ရရှိအောင် တာဝန်ရှိ လူကြီးများ စဉ်းစား လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

“မီးမလာဘူးဆိုပြီး မပေးတာ။ သူတို့ လုပ်လို့ရတဲ့ နည်းတွေ ရှိတာပဲ။ လမ်းမီး မလာလို့ဆိုပြီး တစ်လ‌လောက်ရောက်လာပြီပေါ့။ အရင်က ကျောက်တူးလိုက်တဲ့ အချိန်ကျတော့ ရေတွင်းတွေက အပေါ်ရေ ဖြစ်သွားတော့ ရေမရတော့ဘူး။ ကိုယ်ပိုင် ရေတွင်းပဲ သုံးကြရင်းက နေ ရေခမ်းသွားတော့ ရွာကနေ ရေမီတာနဲ့ ပေးမယ်ဆိုပြီး ပေးတာ။ အရင်က ကုမ္ပဏီက ပေးတာ။ အဲဒီတုန်းက အဆင်ပြေတယ်။မီးလာတုန်း ရေတင်တယ်။ တင်လို့ရတဲ့ ရေကိုကျတော့ လူကြီးလိုင်းပဲ သုံးကြတယ်။ ရွာဘက်က ရေလိုင်းကိုတော့ ပိတ်ထားလိုက်တဲ့ သဘောပေါ့”ဟု ၎င်းက ဆိုသည်။

ကျေးရွာအတွင်း ရေမရရှိခြင်းနှင့် ပတ်သက်ပြီး အဓိက ပြဿနာမှာ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် ဖြစ်ပြီး ရှိနေသည့် ရေဘောက်ဆာ(၄)လုံးတွင် ရေမဖြည့်နိုင်ခြင်းကြောင့် ဝေးသည့်နေရာအချို့တွင် ရေပုံမှန် မရခြင်း ဖြစ်ကြောင်း ရပ်ကျေး ရေဖြန့်ဝေရေးမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ရေမရဘူးဆိုတာ လျှပ်စစ်မီး မရတာကြောင့်ပါ။ မီးလာရင်လည်း ရေဘောက်ဆာ တစ်လုံးကို (၇)နာရီတင်မှ ပြည့်တယ်။ မီးကလည်း ပုံမှန်မလာဘူးဆိုတော့ အခက်အခဲ ရှိတာပေါ့။ စက်မရတဲ့ အခါကျတာ့ ဒုက္ခရောက်နေကြရတာပါ။ တစ်လလောကါတော့ မရှိသေးဘူး။ ရေဘောက်ဆာ မပြည့်တဲ့ အတွက် အဝေးက လူတွေ မရတာပဲ။ နီးတဲ့ သူတွတော့ ရနေပါတယ်။ ဘောက်ဆာ(၄)လုံးရှိတာ အပြည့် မဖြည့်နိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိမ်တိုင်းနီးပါး ရေဖြန့်ဝေနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်မှ အမြန်ဆုံး ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“ရေတွင်း အသစ် ပြန်တူးဖော်နေတယ်။ အခု ပြီးခါ နီးပြီ။ ပြီးပြီဆိုရင် မော်တာ(၂)လုံးထည့်ပြီး ရအောင် ကြိုးစားနေပါတယ်။ မရသေးရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် တတ်နိုင်တဲ့သူတွဆီ အကူအညီတောင်းပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ရေဖြန့်ဝေမှုကို ဆိုင်းရာ‌ ကျေးရွာအတွင်းက အိမ်ခြေ(၂၀၀)ကျော်ကို ရေဖြန့်ဝေပေးနေပြီး လက်ရှိတွင် အိမ်တိုင်းနီးပါး ရေသန့်ဗူးများကို ဝယ်ယူသုံးစွဲ နေကြရကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here