အင်ခိုင်ဘွမ်တောင်ခြေတွင် တားမြစ်ထားသည့်ကြားက ဗုဒ္ဓရုပ်ပွားတော်များ ဆက်လက် တည်နေသည့်အပေါ် ကချင်လူငယ်များ ကန့်ကွက်

3564
အင်ခိုင်ဘွမ် နဂါးရုံ

ဧပြီ၊ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပ.လ.န နယ်မြေအတွင်းက ကချင်တစ်မျိုးသားလုံးနှင့်ဆိုင်သော အင်ခိုင်ဘွမ်တောင်ခြေတွင် တားမြစ်ထားသည့် ကြားက ဗုဒ္ဓရုပ်ပွားတောများ ဆက်လက် တည်နေသည့်အပေါ် ကချင်လူငယ်များ လုံးဝအလို မရှိဘဲ ကန့်ကွက်နေကြောင်း သိရသည်။

N.L.Dအစိုးရ လက်ထက်ကတည်းက ယင်းနေရာများတွင် ဗုဒ္ဓရုပ်ပွားတော်များ မတည်ဆောက်ရန် ကန့်ကွက်ထားပြီး ဖြစ်သော်လည်း လက်ရှိအချိန်တွင် နဂါးရုံရုပ်ထု တည်ဆောက်နေသောကြောင့် ကန့်ကွက်လိုကြောင်း Jinghpaw Wunpawng Htunghking hte Laili Laika hpung Ginjaw Kyithkai မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစောမ်နော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဒါက ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အရာ ဖြစ်တယ်။ ကချင်လူငယ်တွေကတော့ ဒေါသူပုန်ထမှာတော့ အသေချာပဲ။ လုပ်လည်း မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အမျိုးသားရေးရဲ့ အထွဋ်အထိပ်ဆုံးသော နေရာက အမိအဖရဲ့ နေရာ ဖြစ်တဲ့အတွက်ကြောင့် ယဉ်ကျေးမှုကနေ အလိုမရှိဘူးဆိုတာ သဘောထား ထုတ်ပြန်ထား ပြီးသား ဟုတ်တယ်။ သူတို့က ကြည့်မယ့်သူတောင် မရှိဘူးဆိုတဲ့ အကြံအစည်နဲ့ လုပ်နေကြတယ် ဆိုတဲ့ သတင်းကြားလို့ ကိုယ်တိုင်လာကြည့်တာ တကယ်လည်း အသေအချာ မြင်ခဲ့ရတယ်။ ကချင်လူငယ်တွေ အနေနဲ့ ဒါကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ လူမျိုးရေးကို စော်ကားရာ ရောက်တယ်လို့ ပြောထားတဲ့ ကြားကနေ သူတို့သည် ဘယ်ကချင်လူငယ်မှ လာမှာ မဟုတ်ဘူးဆိုတဲ့ သူတို့ရဲ့ ခန့်မှန်းခြေပေါ့နော်။ သူတို့က ခိုးကြောင် ခိုးဝှက်နဲ့ ဆက်ပြီးဆောက်နေတာက လူမျိုးရေးကို မဖြစ်ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိနဲ့ ဖန်တီးတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ရုပ်ထုဆောက်လုပ်နေသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆက်လက်တည်ဆောက်ခြင်း မပြုလုပ်ရန်နှင့် ရုတ်သိမ်းပေးရန် ပြောဆိုထားကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။
နောက်ဆက်တွဲ ပြဿနာက အများကြီး ဖြစ်သွားနိုင်တယ်။ ပြောဖြစ်ခဲ့တာကတော့ ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် အမျိုးသားနဲ့ဆိုင်တဲ့ ပထဝီနယ်မြေကို ဖျက်လိုဖျက်ဆီး ကြံစည်မှု ဖြစ်တဲ့ အတွက် ရပ်ပေးကြပါ။ အမြန်ဆုံး ဖယ်ပေးကြပါ။ ရုတ်သိမ်းကြပါလို့ မှာခဲ့တယ်။ အဲဒီလို ပြောထားတာ အချိန်လည်း ကြာပြီ(၂)နှစ်နီးပါး ကပ်နေပြီ။ နဂိုစိုက်ထူ ထားတဲ့ ဟာကလည်း ဗုဒ္ဓရဲ့ အယူ ကုသိုလ်ဆိုတဲ့ အနက်ဖွင့်ဆိုမှု၊ ဟန်ချက်မညီတဲ့ အတွက်ကြောင့် အမြန်ရုတ်သိမ်းပေးကြပါလို့ ပြောထားတယ်။ အဲဒီမှာ စောင့်တဲ့ ဘုန်းတော်ကြီး တစ်ပါးက ပြီးအောင် လုပ်ပါစေအုံး။ ရုပ်ပွားတော်တွေ မဟုတ်ဘူး၊ နဂါးရုပ်ပါပဲ ဆိုပြီး ပြောလာတယ်။ ဒီစကားအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်အတိုင်းအတာအထိလည်းပေါ့။ ပြောဖြစ်ခဲ့ကြတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါနေရာသည် ကချင်လူမျိုးများ၏သမိုင်းနှင့် ပထဝီအမွေအနှစ်နေရာ တစ်ခုဖြစ်ပြီး ၂၀၁၇ မှစပြီး ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေအရ သဘာဝနယ်မြေထဲမှ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

ယင်းနေရာတွင် ဗုဒ္ဓရုပ်ပွားတော် စတင် ပြုလုပ်လာချိန်ကတည်းက ကချင်လူငယ်အပြင် ကချင်တစ်မျိုးသားလုံးက ကန့်ကွက်ခဲ့ရာမှ ယခုအချိန်တွင် နဂါးရုံ ရုပ်ထုကို ပြန်လည်တည်ဆောက် လာခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဗုဒဘာသာ ဘုန်းတော်ကြီးကို မြစ်ကြီးနားသတင်းဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတရာမျှ ဖြေကြားခြင်း မရှိခဲ့ပေ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here