ဇွန်၊၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ခွမ်စိုင်ယန်ရွာသား တစ်ဦးကို ယမန်နေ့ညနေ(၃)နာရီဝန်းကျင်က ၎င်းတို့ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ (၂) ရက်နေ့က ဒွမ်ဘန်ဒေသခံ(၇)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်လွှတ်လိုက်ပြီးနောက် စစ်ရေးထပ်မံလှုပ်ရှားရန် လဝါးမှ ထွက်ခွာချိန်တွင်လဝါးအထက်ဘက်ရွာ ခွမ်စိုင်ယန်မှ ဒေသခံတစ်ဦးကို လမ်းပြအဖြစ် ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခွမ်စိုင်ယန် ကျေးရွာနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မနေ့က ညနေ(၃)နာရီမှာတော့ ခွမ်စိုင်ယန်က လူတစ်ဦးကို သူတို ခေါ်သွားပြီ။ ပြန်မလွှတ်သေးဘူး။ ဒွမ်ဘန် အောက်ဘက်က ရွာ။ လဝါး အထက်ကပေါ့။ သူတို့ ထွက်လာချိန် အိမ်မှာ နေနေတာကို ခေါ်သွားတာတဲ့။ လမ်းပြအနေနဲ့ ခေါ်သွားတာနေမှာ။ ဒီနေ့အထိ မလွှတ်သေးဘူး။ မနေ့က စစ်ကြောင်းက လဝါးဘုန်းကြီးကျောင်းမှာ အိပ်ပြီး ဒီမနက်(၂)နာရီလောက်မှာ ထွက်သွားကြတာ” ၎င်းက ဆိုသည်။
ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရသူ(၇)ဦးကို လဝါးကျေးရွာ အစွန်း ဘုန်းကြီးကျောင်းအကျော်မှ ပြန်လွှတ်လိုက်ပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ခွမ်စိုင်ယန်ကျေးရွာ ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး မည်သည့်ဘက်ကို စစ်ကြောင်းထွက်သွားသည်ကို အသေးစိတ်မသိရှိရသေးကြောင်းလည်း ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ဇွန်လ(၁)ရက်နေ့ကလည်း ရှဒူဇွပ်နှင့် နောင်းမီကျေးရွာကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် စစ်ကြောင်း ဖြစ်ကြောင်းလည်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေ့ကလည်း ပြည်သူ့စစ် စစ်သားများသည် အနီးအနားဝန်းကျင်ကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့် အပြင် နောင်းမီကျေးရွာအနီးက လယ်လုပ်နေသည့် ဒေသခံပြည်သူ့(၆)ဦးကိုလည်း ဖမ်းဆီးသွားခဲ့သော်လည်း လက်ရှိ(၅)ဦး ပြန်လည်လွှတ်ပေးခဲ့ပြီး တစ်ဦးကို လက်ရှိအချိန်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်းလည်း သိရသည်။
အဆိုပါ ပြည်သူ့စစ် စစ်ကြောင်းသည် မေလ (၃၁) ရက်နေ့မနက်(၅)နာရီခွဲအချိန် ရှဒူဇွပ်တပ်ရင်းမှကုန်တင်ကား (၁)စီး၊ four wheel ကား(၃) စီးဖြင့် စစ်ရေးလှုပ်ရှားလာသည့် စစ်ကြောင်းဖြစ်ပြီး စစ်အင်အား (၄၀) ကျော်ရှိသည့် စစ်ကြောင်းဖြစ်ကြောင်းလည်း သိရသည်။







