ဩဂုတ်၊၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး ဟောင်ပါးနဲ့ တာမခန်ကျေးရွာတွေ အထိပါ ဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေတာကြောင့် အဲဒီကျေးရွာက ဒေသခံအချို့ပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တာမခန်ကျေးရွာဒေသခံတွေကို တိမ်းရှောင်ခိုင်းတာမျိုးမဟုတ်ပဲ ဆယ်ဇင်းကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ ရိုက်ခတ်မှုကြောင့် တာမခန်တပ်စခန်းကုန်းပေါ်ကနေ မကြာခဏ ဆိုသလို သေနတ်တွေ ပစ်ဖောက်နေပြီး စစ်ဘေးတိမ်းရှောင်လာသူတွေနဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့ ထပ်မံ တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရှောင်ခိုင်းတယ်လို့တော့ မဟုတ်ဘူး။ သို့သော် ကောလဟာလရဲ့ ရိုက်ခတ်မှုကြောင့် အားလုံးက ကြောက်ကုန်ကြတာ။ ဒေသခံတွေတောင် မလွတ်ဘူး အဲ့ဒီကောလဟာလက။ တာမခန်မှာ ဖြစ်တော့မယ်ပေါ့နော်။ ဟိုဘက်က အင်အားတောင့်ရင် ဆယ်ဇင်းကို တောက်လျှောက်အင်အားနဲ့ ဟောင်ပါး၊ တာမခန်ထိပါ လာမယ်ဆိုတာမျိုးပေါ့လေ။ နီးတဲ့ခါကျတော့ ဒေသခံတွေထိပါ ရွှေ့ကုန်ကြပြီ” လို့ ဆိုပါတယ်။
ဒါ့အပြင် ဆယ်ဇင်းကျေးရွာဘက်မှာ နှစ်ဖက်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး KIA ဘက်ကနေလည်း ဆယ်ဇင်းကျေးရွာကို ဗဟိုပြုပြီးတော့ ဥရုချောင်းတစ်လျှောက်မှာရှိတဲ့ ရှမ်းနီအမျိုးသားများ လွတ်မြောက်ရေး တပ်မတော် (SNA) တွေရဲ့ ဒေသတွေထိပါ နယ်မြေစိုးမိုးဖို့တွက် တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
“ဆယ်ဇင်းကို ဗဟိုပြုပြီး ထိတွေ့မှုတော့ ကြီးကြီးမားမား ဖြစ်မယ်ထင်တယ်။ ဘာလို့ဆို ဟိုဘက်ကလည်း တောက်လျှောက် အင်အားဖြည့်နေကြတယ်။ မီးရှို့တဲ့ကိစ္စက ရွာက ပြာပုံဖြစ်ပြီးတော့ တစ်ဖြည်းဖြည်း စစ်မြေတလင်း ဖြစ်မယ်ထင်တယ်။ KIA ကလည်း တောက်လျှောက်ဖြည့်နိုင်ပြီဆိုရင် ဥရုချောင်းတစ်လျှောက် အောက်ဘက် နန်တောထိ သွားပြီးတော့ တောက်လျှောက်ဖြည့်မယ်ထင်တယ်။ နယ်မြေစိုးမိုးဖို့ပေါ့လေ။ အဓိက SNA နေရာတွေလည်း ရှိတာကိုး အဲ့ဒီဘက်မှာ။ “ လို့ ဆက်ဆိုပါတယ်။
ဟောင်ပါး၊ တာမခန်ကျေးရွာဘက်ကို ဆယ်ဇင်းကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀ ဝန်းကျင်လောက်ရှိပြီး လက်ရှိမှာ တစ်ချို့ စစ်ရှောင်တွေနဲ့ ဟောင်ပါး၊ တာမခံဒေသခံတွေပါ ထပ်မံပြီး တိမ်းရှောင်နေကြတာပဲဖြစ်ပါတယ်။
ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဩဂုတ်လ (၈) ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် အထိနာခဲ့တဲ့ စစ်ကောင်စီကနေ ဆယ်ဇင်းကျေးရွာဘက်ကို အင်အားတွေ တိုးချဲ့ပြီး လူနေအိမ် (၄၀၀) ကျော်ကို မီးရှို့ခဲ့တဲ့အပြင် ဒေသခံပြည်သူ အချို့ကို ပစ်ခတ်သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဓါတ်ပုံ- ဆယ်ဇင်း စစ်ဘေးရှောင် ပြည်သူများအား စားရေးသောက်ရေး အလှူပေးနေကြစဉ်။
Credit – တာမခန်နွေဦးတော်လှန်ရေး Page







