ဧပြီ၊၃
သယ်ယူစရိတ်မြင့်မားတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့နယ်ထဲက ဒဇုံကျေးရွာအရောက်ကို ဆန်တစ်အိတ် ကျပ်သုံးသိန်းနီးပါး ပေါက်ဈေးရှိနေတယ်လို့ ကြားသိရပါတယ်။
လမ်းဆုံကျေးရွာဖြစ်တဲ့ ဒဇုံကျေးရွာမှာ အရင်နှစ်ကတော့ ဆန် ၈ ပြည် (တစ်ပုံး) ကို ကျပ် ၇ သောင်းလောက်သာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ တစ်ပုံးကို တစ်သိန်းကျပ်ထိ ရှိလာတာဖြစ်တယ်လို့ အဲဒီဒေသနဲ့ နီးစပ်တဲ့သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“အဓိက အထမ်းခတွေက ပိုတက်တာပေါ့နော်။ ဒဇုံရွာအရောက်ကတော့ ဆန်တစ်ပုံးကို တစ်သိန်း တစ်အိတ်ဆို သုံးသိန်းနီးပါး။ အဓိက လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ပေါ့နော်။” လို့ နီးစပ်သူကဆိုပါတယ်။
ပူတာအိုမြို့ကနေ မြန်မာပြည်ရဲ့ မြောက်ဖက်ဆုံးမြို့ဖြစ်တဲ့ ပန်နန်းဒင်မြို့ထိ ကားလမ်းပေါက်ပေမဲ့ ပန်နန်းဒင်ကနေ ဒဇုံကျေးရွာအထိ ခြေကျင်နဲ့ လေးငါးရက်လောက် သွားရတာဖြစ်ပြီး သွားရတဲ့လမ်းကြောင်းက ခက်ခဲတာကြောင့် သယ်ယူခတွ မြင့်တက်နေတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“ ခြေကျင်လမ်းတော့ ပေါက်တယ်။ ဒါပေမဲ့ မြေပြန့်မဟုတ်ဘူး။ အတက်အဆင်းနဲ့ပေါ့နော်။ ခြေကျင်လမ်းဆိုပေမဲ့ တကယ့်တောတွေ ခြုံတွေပိတ်တဲ့လမ်းတွေပါပဲ။လမ်းက မကောင်းပါဘူး။ လူနဲ့ပဲထမ်းရတာ။ အဲဒါကြောင့်လည်း ဈေးကြီးတာပေါ့နော်။” လို့ အထက်ပါနီးစပ်သူက ရှင်းပြပါတယ်။
ဆန်သယ်ယူရောင်းချတဲ့သူတွေလည်း အဲဒီ ဒဇုံကျေးရွာအထိပဲ သယ်ယူပြီးရောင်းချကြသလို ၂၀၀ တန်ကော်ဖီမစ်တစ်ထုတ်ကို တစ်ထောင်နီးပါး၊ အချိုရည်တစ်ဗူးကို ငါးထောင်လောက်ရှိနေတာဖြစ်ပြီး ဒဇုံကတဆင့် ပြန်ဝယ်ယူရတဲ့ရွာတွေဘက် ကုန်ဈေးပိုကြီးမြင့်တယ်လို့ သိရပါတယ်။
“ ဆန်ရယ်မဟုတ်ပါဘူး။ အဲဒီဘက်ရောက်တဲ့ ပစ္စည်းတွေ အကုန်မှန်သမျှ ဈေးတက်နေတာ။ အဓိက သွားလာရခက်ခဲလို့။တစ်ပတ်ခရီးသွားရတယ် အဲဒီဒဇုံရွာထိရောက်ဖို့ဆိုရင်” လို့ ဒေသအခြေအနေကို ပြောပြပါတယ်။
ဒဇုံအထက်ဘက်က ရွာတွေဟာ အရင်က ကုန်စည်တွေကို တရုတ်ပြည်ဘက်က တင်သွင်းကြတာဖြစ်ပေမဲ့ ကိုဗစ်နောက်ပိုင်း နယ်စပ်ဂိတ်တွေပိတ်သွားတာကြောင့် ပူတာအိုဘက်က သယ်ယူနေရတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့သာမက မြို့တိုင်းလိုလို ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပါတယ်။







