ဝိုင်းမော် – ကန်ပိုင်တီလမ်း၊ ဘွမ်တောင်ကျေးရွာ တာဝါတိုင်အနီးက စစ်ကောင်စီတပ်စခန်းအား KIA သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံး

348

ဇွန်၊၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော် – ကန်ပိုင်တီလမ်း၊ ဘွမ်တောင်ကျေးရွာက တာဝါတိုင်အနီးမှာ တပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်ရင်း (၃) ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးတယ်လို့ သိရပါတယ်။

ဇွန်လ (၂၂ )ရက်နေ့ မနက် (၉) နာရီအချိန်လောက်က ဘွမ်တောင်ကျေးရွာ အောက်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းကို သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကိုပြောပါတယ်။

“ အတိအကျကိုတော့ စုံစမ်းနေဆဲဟုတ်တယ်။ ဘွမ်တောင်အောက်က တာဝါတိုင်နားက စစ်ကောင်စီတပ်စခန်းမှာဟုတ်တယ်” လို့ပြောပါတယ်။

အဲဒီတပ်စခန်းဟာ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းပြီး အင်အား(၆၀) လောက်နဲ့ တပ်စခန်းချထားတာဖြစ်ပြီးတော့ KIA ဘက်က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီကနေ နာရီဝက်လောက် လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဝိုင်းမော် – ကန်ပိုင်တီလမ်းပေါ်က ဆဒုံးရေတံခွန်အနီးမှာ KIA နဲ့ စစ်ကောင်စီတို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here