စစ်ကောင်စီမှ နမ်ဆန်ယန်ကျေးရွာအား ပြန်လည်စခန်းချလိုသည့်အတွက် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံပြော

315

ဇူလိုင်၊၃

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က နေရပ်ပြန်နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က စခန်းချ ပြန်လည်နေထိုင်လိုတဲ့အတွက်ကြောင့် စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာ ဖြစ်နိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောကြားပါတယ်။

“ရန်သူရဲ့ အစီအစဉ်ကိုတော့ ကျနော်တို့လည်း မသိနိုင်ဘူး။ နမ်ဆန်ယန်ကို သူတို့ ပြန်ချုပ်ကိုင်လို၊ အရင်က သူတို့တိမ်းရှောင်ခဲ့တဲ့ နေရာတွေမှာ ပြန်စခန်းချနေထိုင်လိုတဲ့အတွက်ကြောင့် စစ်ကြောင်းထိုးလာတာလား၊ ဘယ်လိုလဲဆိုတာကိုတော့ စုံစမ်းနေဆဲအခြေအနေပါ။ အတိအကျတော့ မပြောနိုင်သေးဘူး။” လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်တပ်ကနေ နမ်ဆန်ယန်စစ်စခန်းအတွက် အင်အားစုနေတာ နှစ်ပတ်လောက်ကြာပြီလို့သိရပြီး ဒီကနေ့မနက် ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတာ်(KIA)နဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ်ဆန်ယန်ကျေးရွာတံတားအကျော် အောင်ဂျာကျေးရွာမှာဖြစ်ပြီး မြေပြင်ကနေ အပြန်လှန်ပစ်ခတ်နေတာဟာ ဒီကနေ့မွန်းလွဲ ၂ နာရီခွဲဝန်းကျင်လောက်မှာ ရပ်နားသွားပေမဲ့ စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာမျိုးတော့ ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ညနေမှာလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်ကနေ နမ်ဆန်ယန်ကျေးရွာကို လာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းတွေကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးမှာ KIA ဘက်က တားဆီးပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နမ်ဆန်ယန်ကျေးရွာမှာရှိတဲ့ ဒေသခံတွေအနေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းအနည်းငယ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေကို သိမ်းဆည်းပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကျေးရွာတွင်း အိမ်ထောင်စု ၂၀၀ ကျော် ပြန်လည်နေထိုင်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here