ဝိုင်းမော်-လိုင်ဇာလမ်း နန်ဆန်ယန်ကျေးရွာအနီး KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ နီးစပ်ရာသို့ တိမ်းရှောင်နေရ

135

ဇူလိုင်၊၃

ကချင်ပြည်နယ်၊ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က နမ်ဆန်ယန်ကျေးရွာနဲ့ အောင်ဂျာကျေးရွာကြားမှာ ဒီကမနက် ၅ နာရီဝန်းကျင်လောက်ကနေ အခုအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတာ်(KIA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် နန်ဆန်ယန်ဒေသခံရွာသားတွေအားလုံး ရွာထဲမနေရဲကြတော့ဘဲ ဘုရားကျောင်းနဲ့ နီးစပ်ရာ လုံခြုံမယ့်နေရာတွေကို ထွက်ပြေးနေကြတယ်လို့ တိမ်းရှောင်နေတဲ့ ‌နမ်ဆန်ယန်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“မြန်မာတွေ(စစ်ကောင်စီ) က နန်ဆန်ယန်မှာ ဝင်ပြီး နေရာယူချင်သလိုပြောနေတယ်။ အခုက ထွက်ပြေးတဲ့သူက ပြေး၊ တချို့က ရွာထဲ (ဘုရားကျောင်းဝင်း)မှာ နေနေကြသေးတယ်။ အခုရွာစွန်ဘက်မှာ ပစ်နေကြတယ်။ “ လို့ ဒေသခံက ဆိုပါတယ်။

စစ်တပ်က နမ်ဆန်ယန်ကျေးရွာတံတားအကျော် အောင်ဂျာကျေးရွာတံတားနဲ့ ဒေါ့ဖုန်းယန်ကျေးရွာနှစ်ခုလုံးမှာ ပိတ်ထားလိုက်ပြီဖြစ်တဲ့အတွက် နမ်ဆန်ယန်ဒေသခံတွေသာမက ဗန်းမော်ဘက်က ဆင်းလာသူတွေနဲ့ ဝိုင်းမော်နဲ့ မြစ်ကြီးနားဘက်ကသူတွေလည်း ဖြတ်လို့မရတော့ဘူးလို့ သိရပါတယ်။

စစ်တပ်က ရွာအတွင်းစခန်းချနေထိုင်ခဲ့မယ်ဆိုရင် ဒေသခံတွေရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ရွာအတွင်း စခန်းချနေထိုင်မှာကို အလိုမရှိဘူးလို့ နမ်ဆန်ယန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသခံတွေအနေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းအနည်းငယ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေကို သိမ်းဆည်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြတဲ့ အချိန်ဖြစ်တာကြောင့် ဘယ်လိုဆက်လက်ဖြစ်လာမလဲဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နမ်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဘရန်လီကို မြစ်ကြီးနားသတင်းဂျာနယ်က ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကိုလည်း ဆက်သွယ်မေးမြန်ခဲ့ရာ စုံစမ်းနေဆဲဖြစ်တယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်ကနေ နမ်ဆန်ယန်ကျေးရွာကို လာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းတွေကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးမှာ KIA တပ်က တားဆီပစ်ခတ်လို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး တိုက်ပွဲပြန်လည်းဖြစ်ပွားလာမှာစိုးတဲ့အတွက် အိမ်ထောင်စု ၂၀၀ ကျော်က ဒေသခံပြည်သူအားလုံး နီးစပ်ရာကို တိမ်းရှောင်ဖို့အတွက် ပြင်ဆင်ခဲ့တာကြောင့် အမြန်ဆုံးတိမ်းရှောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နန်ဆန်ကျေးရွာဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကျေးရွာတွင်း ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here