မြလယ်ကျေးရွာသို့ ဆန်တက်လာသည့် စစ်သင်္ဘောများအား ကာကွယ်သည့်အနေဖြင့် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် မြေပြင်မှ လက်နက်ကြီးများပါ ပစ်ခတ်နေ

217

 

ဩဂုတ်၊၁၈

ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာဘက်ကို စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ဆန်တက်လာနေတဲ့အတွက် အကာအကွယ်ပေးတဲ့အနေနဲ့ ဒီမနက်ပိုင်းမှာ စစ်ကောင်စီကနေ လက်နက်ကြီး ပစ်ကူနေတဲ့အပြင် လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေယာဉ်ဗုံးဟာ မြလယ်ကျေးရွာမှာ တစ်လုံးနဲ့ ရွာသစ်ကုန်းကျေးရွာမှာ ၂ လုံး ကျရောက်ခဲ့ပြီး အဲဒီဘက်တစ်လျှောက်ရှိ ကျေးရွာဒေခံတစ်ချို့ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး တိမ်းရှောင်နေတာကြောင့် ထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဗန်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သင်္ဘောတွေ ဒီမနက်တက်လာမယ်ဆိုလို့ ဒီက တပ်ရင်း(၄၇) တွေ၊ ပြီးတော့ မန်ဂျေဘက်က တပ်တွေလည်း လက်နက်ကြီးတွေ အသားကုန်ပစ်နေကြတယ်။ “လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီရဲ့ မြေပြင် စစ်ကြောင်းတွေလည်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကနေ အများအပြားတက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိမှာတော့ မြလယ်ကျေးရွာနဲ့ စင်းခန်းကျေးရွာကြားက ဒေသခံတချို့ ထွက်ပြေးသွားကြပြီဖြစ်ပေမဲ့ စင်းခန်းရွာအတွင်းပိုင်းမှာရှိတဲ့ ဒေသခံတွေကိုတော့ စစ်ကောင်စီစစ်ကြောင်းတွေက တိမ်းရှောင်ခွင့်မပြုတဲ့အတွက် အိမ်ထဲမှာပဲ စိုးရိမ်စိတ်တွေနဲ့ နေကြရတယ်လို့ဒေသခံတွေဆီက ကြားသိရပါတယ်။

ဒါ့အပြင် ဒီတစ်ခေါက်တက်လာတဲ့ စစ်ကောင်စီစစ်သင်္ဘောတွေပေါ်မှာ စစ်သားတွေနဲ့ လက်နက်၊ ရိက္ခာတွေသာမက သူတို့စစ်ကြောင်းနဲ့ တွေ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးဘက်က ဒေသခံပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

အဲဒီစစ် သင်္ဘောတွေဟာ ဇူလိုင်လ နောက်ဆုံးအပတ်က မန္တလေးဘက်ကနေ ဆန်တက်လာခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ မန္တလေးတိုင်းကနေ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာချိန်တိုင်းနဲ့ စုန်ဆင်းချိန်တိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေက ဝင်ရောက်လေ့ရှိတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။

မတိမ်းရှောင်တဲ့သူတွေကို စစ်ကြောင်းတွေကနေ ရိုက်နှက်တာတွေနဲ့ ပစ်သတ်တာတွေအထိ ပြုလုပ်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ကျေးရွာက အများပိုင်အဆောက်အဦတွေကိုလည်း ဖျက်ဆီးတဲ့ပြင် မီးရှို့တာတွေကိုပါ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here