နန့်ပုတ်ကျေးရွာအတွင်း ရှမ်းနီ SNA နှင့် စစ်ကောင်စီပူးပေါင်းစခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦးထိခိုက်ဒဏ်ရာရ

315

 

ဩဂုတ်၊၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ အထက်က နန့်ပုတ်ကျေးရွာကို ရှမ်းနီ (SNA) နဲ့ စစ်ကောင်စီပူးပေါင်းစခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ လောက်က သံယောဇဉ်ကုန်း(ဒေသအခေါ်အဝေါ်) မှာရှိတဲ့ SNA နဲ့ စစ်ကောင်စီပူးပေါင်းစခန်းကနေ နန့်ပုတ်ကျေးရွာကို လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ရွာဈေးအလယ်ကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရသွားတာဖြစ်တယ်လို့ ဆယ်ဇင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လက်နက်ကြီးနဲ့ ၃ ချက်တိတိလှမ်းပစ်တော့ ကျေးရွာက ပြည်သူတွေပေါ်ကိုထိတယ်။ ရွာထဲတည့်တည့်ကို ကျတာပေါ့။ ပြည်သူချည်းပဲနေတဲ့ရွာပါ။” လို့ ဒေသခံက ဆိုပါတယ်။

လက်နက်ကြီးအမျိုးအစားဝင် ( ၆၀ မမ ) နဲ့ နန့်ပုတ်ကျေးရွာကို ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုပါတယ်။

အဲဒီနန့်ပုတ်ကျေးရွာဟာ ဘယ်အဖွဲ့အစည်း စခန်းမှမရှိဘဲ ပြည်သူလူထုတွေပဲနေတဲ့ ကျေးရွာဖြစ်ပြီးတော့ အရင်ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ ရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၇ ရက်နေ့က ဆယ်ဇင်းကျေးရွာဘက်မှာရှိတဲ့ ရှမ်းနီ(SNA) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော််(KIA) ကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်း စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here