မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ ကျောက်ထုကျေးရွာတွင် KIA မှ ဖြတ်သန်းသွားလာခွင့်ပိတ်ထား

275

 

ဩဂုတ်၊၂၃

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က ကျောက်ထုကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နန့်ယားစစ်ကောင်စီတပ်ကနေ ဒီကနေ့မနက် ၈ နာရီခွဲမှာ ပိတ်မိနေတဲ့ကားတွေကို လွှတ်လိုက်ပေမဲ့ ကျောက်ထုကျေးရွာ အရောက်မှာတော့ KIA ဘက်ကနေ ပိတ်ထားတဲ့အတွက် ဖြတ်သန်းသွားလာလို့မရဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်တဲ့ ကျောက်ထုမှာ KIA တွေရှိနေတယ်။ KIAတွေက မဖြတ်ခိုင်းဘူး။ ဘယ်နှစ်ရက်ဖြစ်မလဲ မသိဘူး။”လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က နန့်ယားဂိတ်ကို ဖြတ်သန်းသွားခွင့်မပြုဘဲ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကာမိုင်းဘက်မှာတော့ စစ်ကောင်စီက ဂိတ်ပိတ်ထားပြီး မအူပင်(ကျောက်ထုကျေးရွာအနီး)ဘက်မှာတော့ KIA တပ်က ပြန်ပိတ်ထားတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း ကားဆရာတစ်ဦးကပြောပါတယ်။

“သွားရေးလာရေးက ခက်ခဲဒုက္ခရောက်နေတယ်။ မနေ့ညကလည်း လမ်းတွေမှာ ပြန်လှည့်လို့ကမရ။ ကားအချို့ကို ကာမိုင်းကနေ ဖြတ်ခိုင်း၊ ကျွန်တော်တို့ ရှေ့ကလူတွေကိုတော့ မအူပင်မှာ ပြန်ပိတ်ထားတယ်။ ပြန်လှည့်လာမယ်ဆိုရင်လည်း ကာမိုင်းကပြန်မဖြတ်ခိုင်းဘူး”လို့ အဆိုပါ ကားဆရာက ပြောပါတယ်။

မနေ့က နန့်ယား-ဖားကန့်လမ်းပေါ်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KIA ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောဆိုနေပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အခုလို ပိတ်ပင်ထားတာကြောင့် မအူပင်ကျေးရွာနဲ့ နန့်ယားကျေးရွာကြားမှာ ခရီးသည်ယာဉ်တွေနဲ့ ကုန်တင်ကား အစီး ၃၀ လောက် ဖြတ်သန်းသွားလာလို့မရဘဲ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here