ဩဂုတ်၊၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာအနီးမှာရှိတဲ့ ခမာချောင်းတစ်လျှောက်မှာ ရွှေတူးဖော်နေသူတွေ ဩဂုတ်လ ၂၀ ရက်နေ့ကနေ စတင်ထွက်ခွာသွားကြပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ်လ ၇ ရက်နေ့က ဒွမ်ဘန်နဲ့မန်ပန်ကျေးရွာက တာဝန်ရှိသူတွေကနေ ရွှေတူးဖော်သူတွေကို အခုလ ၂၀ ရက်နေ့က အပြီးထွက်ခွာသွားဖို့ ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။
ဩဂုတ်လ၂၂ရက်နေ့က ဒေသခံအချို့ကနေ သွားရောက်ကြည့်ရှုတဲ့အချိန် ရွှေတူးဖော်သူတွေ ထွက်ခွာသွားပြီး စက်အချို့ကျန်ရှိနေသေးတယ်လို့ မန်ပန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ထွက်သွားပြီ။ မိုးရွာ၊ လမ်းပျက်နေလို့ စက်အချို့ကတော့ မသယ်ကြသေးဘူး။”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ခမာချောင်းပတ်ဝန်းကျင်မှာ ရွှေတူးဖော်မယ့် ဘယ်အဖွဲ့အစည်းကိုမဆို ကန့်ကွက်သွားမယ်လို့ အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။
“ရွာသားတွေအနေနဲ့ ခမာချောင်း ပတ်ဝန်းကျင်မှာ အခုပဲ မဟုတ်ဘူး နောင်ကိုရော ရွှေတူးတာကို လုံးဝခွင့်မပြုနိုင်ဘူး။ “ လို့ ဒေသခံက ဆိုပါတယ်။
၂၀၂၂ခုနှစ် အောက်တိုဘာလကနေစပြီး အထက်ပါခမာချောင်းအနီးမှာ ဘက်ဟိုးတွေသုံးပြီးတော့ ရွှေဆိုင်း ၆ ခုလောက်နဲ့ ရွှေတူးဖော်မှု စတင်လာကြတာဖြစ်ပြီး လက်ရှိ မုံဆိုင်း(ရွှေတူးဖော်ရာအတွင်း အသုံးပြုသည့် စက်ဆိုင်းငယ်) ၄၀ လောက် ဝင်ရောက်တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီခမာချောင်းအနီး ပတ်ဝန်းကျင်ကို ကျွဲ၊ နွား စားကျက်မြေအဖြစ်ပါ အသုံးပြုကြတဲ့အပြင် ဒေသခံပြည်သူတွေရဲ့ လယ်ယာစိုက်ပျိုးရေးအတွက်ပါ ခမာချောင်းကနေ အဓိကထား သုံးစွဲရနေရတာလည်း ဖြစ်ပါတယ်။







