ဩဂုတ်၊၂၈
တိုက်ပွဲတွေကြောင့် သွားလာခွင့်ပိတ်ထားတဲ့ မြစ်ကြီးနား – ဖားကန့်ကားလမ်းကို ဒီကနေ့ မနက် ၈ နာရီလောက်ကနေ လမ်းပြန်ဖွင့်တဲ့အတွက် ကားတွေ အတက်အဆင်း ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
လမ်းဖွင့်လိုက်ပြီးတဲ့နောက်မှာ ဖားကန့်ဘက်ကို ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေ အများကြီး တက်လာကြတယ်လို့ ဆိုင်းဖရာကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီမနက် ကားတွေ အများကြီးတက်လာတယ်။ အဆင်းက မနေ့တစ်နေ့ကနေ ဆင်းခိုင်းတယ်။ အတက်ပဲပိတ်ထားတာ။ ဒီမနက်က တက်လာကြတာ အများကြီးပဲ”လို့ ဒေသခံက ဆိုပါတယ်။
တိုက်ပွဲကြောင့် ဖားကန့်ဘက်တက်တဲ့ လမ်းပိတ်ထားတဲ့အတွက် ခရီးသည်တွေနဲ့ ကားသမား အချို့ နန့်ယားကျေးရွာမှာ လမ်းဖွင့်ဖို့ စောင့်နေကြတာ ဖြစ်ပါတယ်။
လမ်းပိတ်ထားတဲ့အခြေအနေကြောင့် ဖားကန့်မြို့အတွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့ပြီး ဒီမနက် ခရမ်းချဉ်သီးတစ်ပိဿာ ၁၈၀၀၀ ကျပ် အထိရှိလာတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။
“လမ်းဖွင့်တော့လည်း ဝမ်းသာတယ်ပေါ့။ ဒါပေမဲ့ ကုန် ဈေးနှုန်းက ကျမလား၊ ဒီတိုင်းပဲ သေနေမလား ဆိုပြီးတော့လည်း စိုးရိမ်ရတယ်”လို့ အထက်ပါ ဖားကန့် ဒေသခံ အမျိုးသမီးက ပြောပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က မအူပင်ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ထုကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ကို KIA ဘက်က ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။







