ဝါရာဇွပ်ကျေးရွာတွင် နေထိုင်လိုသူများကို မြေနေရာများခွဲဝေပေးနေ

1550

ဖေဖော်ဝါရီ ၁၇

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ၀ါရာဇွပ်ကျေးရွာတွင် ယုဇနကုမ်္ပဏီက ပြန်လည်ပေးအပ်ထားသော မြေနေတွင် လာရောက်နေထိုင်လိုသူများအားမြေနေရာခွဲဝေပေးနေကြောင်းဝါရာဇွပ် အိမ်ယာမြေနေရာချထားရေး ကော်မတီမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

“ဘယ်မြို့မှာနေတဲ့သူပဲဖြစ်ဖြစ် ဒီရွာမှာ နေမယ်ဆိုရင် မြေပေးတယ်။ ဘယ်စစ်ရှောင်စခန်းတွေကမဆို လာနေမယ့် သူတိုင်းကို အခုလို မြေပေးနေတာဖြစ်တယ်။ သူများအိမ်တွေမှာ ငှားနေရတဲ့သူတွေ၊ မြေနေရာမရှိတဲ့သူတွေ အားလုံးကို ပေးနေတယ်၊ နာမည်စာရင်းသွင်းဖို့တော့ ငွေကျပ် ၅၀၀၀ ပေးရတယ်”ဟု ၀ါရာဇွပ်အိမ်ယာမြေနေရာချထားရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆရာအောင်လတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

အဆိုပါ ၀ါရာဇွပ်ကျေးရွာတွင် မြေနေရာများကို ချထားပေးရာ၌ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ မြေယာများ အသိမ်းခံရသည့် ဒေသခံများ၊ အိမ်ခွဲနေထိုင်လိုသည့် ၀ါရာဇွပ်ဒေသခံများ၊ အိမ်ယာမြေပျောက်ဆုံးနေသူများအားလုံးကို အခမဲ့ခွဲဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုမြေနေရာများကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကတည်းက တစ်အိမ်ထောင်အတွက် ပေ ၁၀၀ ပတ်လည် အကျယ်ရှိသော ခြံမြေများကို ခွဲဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၀ါရာဇွပ်ကျေးရွာအတွင်း မြေနေရာ ရယူထားသည့် အိမ်ထောင်စု ၂၀၀ ခန့် ရှိကြောင်း၊ အမှန်တကယ်နေထိုင်နေသည့် အိမ်ထောင်စုမှာ ၅၀ ခန့််သာ ရှိသေးကြောင်း သိရသည်။

“ဒီရွာမှာ လာမနေဘဲနဲ့ အိမ်ယာမြေတွေကိုယူဖို့ နာမည်စာရင်းပေးထားကြတဲ့ သူတွေလည်းရှိတယ်။ အဲလိုလူတွေကိုတော့ လက်မခံဘူး။ တကယ်လိုအပ်တဲ့သူတွေ၊ တကယ် လာနေနိုင်မယ့်သူတွေကိုပဲ ဦးစားပေးပြီးချပေးတာ”ဟု ဆရာအောင်လတ်က ဆက်လက်ပြောသည်။

လက်ရှိအချိန်၌ အဆိုပါကျေးရွာတွင် နေထိုင်သူများသည် ၀ါရာဇွပ်ကျေးရွာမှ အိမ်ခွဲနေထိုင်သူများ၊ ဖားကန့်ရှိ ဂင်ဆီရွာ၊ စံပြကျေးရွာ၊ ဘန်ကောက်ရွာနှင့် လောဒ်ဂျာရွာများမှ ဒေသခံများဖြစ်သည်ဟု ၀ါရာဇွပ်ကျေးရွာမှ ဦးတန်ဂွန်းက ပြောပြသည်။

“အခု ခွဲဝေပေးနေတဲ့ မြေနေရာက အရင်ကတော့ ရွာသားတွေ ပိုင်တဲ့မြေပဲ။ အဲဒါကို ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းသွားခဲ့တယ်။ သိမ်းသွားလို့ ဒေသခံတွေက ဒါဟာ ကျေးရွာမြေ၊ ရွာသားတွေရဲ့ မြေလို့ ပြောထားလို့ ဒီမြေကို သူတို့ ပြန်ပေးတာ။ အခုတော့ အဲဒီပြန်ပေးတဲ့မြေကို လိုအပ်နေသူတွေကို ပြန်ပြီးခွဲဝေပေးနေတာပါ”ဟု ဦးတန်ဂွန်းက ရှင်းပြသည်။

လဖိုင်လု

LEAVE A REPLY

Please enter your comment!
Please enter your name here