ဩဂုတ်၊၃၁
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာ စစ်ကောင်စီတပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကားအစီး ၂၀ ကျော်ဟာ မနေ့ညနေ ၆ နာရီခွဲ အချိန်လောက်မှာ ဒေါ့ဖုန်းယန်မြို့ဘက် ရောက်ရှိနေပြီလို့ သိရပါတယ်။
အဲဒီ စစ်ကား၂၆ စီးပါ စစ်ယာဉ်တန်းဟာ ဗန်းမော် အချုပ်ထောင်အနီး အမှတ် ၂၁ စစ်ကောင်စီတပ်ရင်းက ထွက်လာတဲ့ စစ်ကားတွေဖြစ်ပြီး နွမ်လန့်ကျေးရွာက ခမရ ၄၃၈ ခြေမြန်တပ်စခန်းကို ဩဂုတ်လ ၂၉ ရက်နေ့က ရောက်ရှိလာပြီးနောက် ဆက်လက် ထွက်ခွာသွားခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့က ညနေပိုင်းမှာတော့ ဒေါ့ဖုန်းယန်မြို့ရဲ့ စစ်တပ်ဝင်းကို ရောက်ရှိခဲ့ပြီး မြို့ထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
“ကားမှာ လူတင်တာလား။ ရိက္ခာတင်တာလားတော့ မသိဘူး။ ရွာအထဲမှာတော့ မဟုတ်ဘူး။ ရွာအစွန်းမှာ ဘယ်၊ ညာ သေနတ်ပစ်ပြီး ဝင်လာတော့ ကြောက်လို့ ဘယ်သူမှအပြင်မထွက်ရဲကြဘူး”လို့ ဒေါ့ဖုန်းယန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာကို ပြောပါတယ်။
စစ်ယာဉ်တန်း ဝင်ရောက်လာပြီး မကြာမီမှာပဲ ခြေလျင်နဲ့ စစ်သားအင်အား ၈၀ လောက်ပါ ထပ်မံဝင်ရောက်လာကြတယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ယာဉ်တန်းမှာ ရိက္ခာတွေ၊ လက်နက်တွေနဲ့ လူအင်အားတွေပါဝင်ပြီး စစ်ကောင်စီတပ်စခန်းတွေကို ချပေးနေတာဖြစ်တယ်လို့ သိရပြီးတော့ မနေ့က မြို့သစ်ကျေးရွာအနီးမှာ KIA ရဲ့ စောင့်ကြိုတိုက်ခိုက်ခံခဲ့ရပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







