ဩဂုတ်၊ ၃၁
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်ရှိ ကဇူးယန်ကျေးရွာအကျော် ဆမားလမ်းခွဲမှာ မနေ့က ဩဂုတ်လ ၃၀ ရက်နေ့ကစပြီး ဒီကနေ့အထိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၆ နာရီလောက်က တိုက်ပွဲစတင်ဖြစ်ပွားနေပြီးတော့ ဒီကနေ့မှာလည်း ကဇူးစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့လည်း ဗုံးလာကြဲတာတွေ လုပ်ဆောင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ကဇူကျေးရွာပေါ်မှာ လေးငါးခေါက်ခေါက် ပျံဝဲပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာကို လှမ်းပစ်နေတယ်။ နောက်ထပ်ရောက်လာတဲ့ လေယာဉ်ကလည်း တိုက်ပွဲဖြစ်တဲ့ နေရာအထိ သွားပြီး ပစ်တယ်။ ဒီကဇူးစစ်တပ်စခန်းကလည်း လှမ်းပစ်နေကြတယ်။”လို့ ဒေသခံက ဆိုပါတယ်။
မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာတာကြောင့် လေယာဉ်ပစ်ကူခေါ်ပြီး တိုက်ခိုက်တာဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရတယ်လို့နောက်ထပ် အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။
ဒဘတ်ယန်ကျေးရွာနဲ့ ကဇူးယန်ကျေးရွာက ဒေသခံတွေကို အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့အတွက် မနေ့ကတည်းက တားမြစ်ထားကြပြီး ဒီကနေ့မှာတော့ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာတွေ ရှိတဲ့အတွက် ကျောင်းတွေလည်း ပိတ်လိုက်ကြပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း ဧရိယာချဲ့တာတွေ ပြုလုပ်နေကြပြီး စစ်ကြောင်းတွေလည်း အင်အားအများအပြား ရောက်ရှိနေပြီးတော့ တပ်စခန်းအတွင်းသာမက ဒေသခံတွေရဲ့ နေအိမ်တွေအထိ ဝင်ရောက်တပ်စွဲ နေထိုင်နေကြတယ်လို့ သိရပါတယ်။
မြစ်ကြီးနား-လိုင်ဇာ လမ်းတစ်လျှောက်ကို စစ်ကောင်စီကနေ ဇူလိုင်လ ပထမအပတ်လောက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်တော်(KIA) နဲ့ တောက်လျှောက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။







