စက်တင်ဘာ၊၇
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုတွေကြောင့် ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်မှုတွေ ရှိနေပါတယ်။
ဇူလိုင်လ ပထမပတ်ကနေစပြီး ဒေါ့ဖုန်းယန်မြို့ အနီးတစ်ဝိုက် နှစ်ဖက်တပ်ရဲ့ လက်နက်ကြီး/ငယ် ပစ်ခတ်သံတွေ သိသိသာသာ ကြားလာရတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ နယ်မြေနဲ့ နီးကပ်တဲ့ ဒင်ဂါ၊ နောင်ဝမ့်နဲ့ ခလားရွာက ပြည်သူတွေဟာ တစ်မိုင်ကျော်လောက်ဝေးတဲ့ ဒေ့ါဖုန်းယန်မြို့ဘက် ဇူလိုင်လ ၁၆ ရက်နေ့ကနေစပြီး စတင်ထွက်ပြေးခိုလှုံလာကြတာ ဖြစ်ပါတယ်။
လတ်တလောမှာပဲ စစ်ဘေးရှောင်လာတဲ့ ကလေးနဲ့ လူကြီးတွေ တုပ်ကွေးဖျားနာမှုတွေရှိခဲ့ပြီး သက်သာပျောက်ကင်းလာပြီ ဖြစ်ပေမဲ့ ၁၀ ဦးထက်မနည်းတဲ့ သက်ကြီးပိုင်းဖျားနာသူတွေအတွက် အားဆေးတွေ လိုအပ်နေတာလို့ ဒေါ့ဖုန်းယန် ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ ခုက တုပ်ကွေး ဖြစ်နေတာ။ အသက်ကြီးတဲ့ သူတွေကိုတော့ အားဆေးပြန်တိုက်ရမှာ”လို့ ဒေသခံက ပြောပါတယ်။
ဒေါ့ဖုန်းယန်မြို့က သက်ဆိုင်ရာ ဘုရားကျောင်းတွေဆီ ထွက်ပြေးတိမ်းရှောင်လာသူ အယောက်၁၀၀ ကျော်ရှိတဲ့အထဲ စစ်ဘေးရှောင်ပြည်သူအချို့ကတော့ သမံသလင်းလိုနေရာမှာ ဝါးထရံခင်းပြီး အဆင်ပြေတဲ့နည်းနဲ့ နေနေရတယ်လို့လည်း သိရပါတယ်။
လက်ရှိ စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကို အသက်ဆိုင်ရာ အသင်းတော်တွေကနေ ကူညီထောက်ပံ့မှုတွေရှိနေတဲ့အပြင် အခြားပြင်ပအဖွဲ့အစည်းတွေကလည်း လာရောက်ကူညီမှုတွေ ရှိနေပေမဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးလုံလောက်မှုအတွက် အကူအညီတွေလိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လယ်ယာစပါးခင်းတွေ ပြီးစီးအောင် မလုပ်နိုင်ခဲ့တဲ့အတွက် နေရပ်ပြန်ပြီး လယ်ပြန်လုပ်ဖို့ စစ်ရေးအခြေအနေအရ ခက်ခဲနေတာကြောင့် လာမယ့်နှစ်မှာ စားဝတ်နေရေး ခက်ခဲလာမှာကိုလည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။
” လယ်တွေ ကောင်းကောင်း မလုပ်ပြီးနိုင်ခဲ့ဘူးပေါ့။ တောထဲဝင်လို့လည်း မရဘူး။ အရမ်းအခက်အခဲ ဖြစ်နေတယ်”လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
လက်ရှိ ဒေါ့ဖုန်းယန်မြို့အနီးတစ်ဝိုက် နှစ်ဖက်တပ်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ဗန်းမော်အချုပ်ထောင်အနီး အမှတ်၂၁ စစ်ကောင်စီတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကားအစီး၂၀ကျော် ဒေါ့ဖုန်းယန်မြို့ စစ်တပ်ဝင်းထဲ ဝင်ရောက်မှု ရှိခဲ့ပါတယ်။
ဒေါ့ဖုန်းယန်မြို့ဟာ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၁၁,၀၀၀ ကျော် နေထိုင်ပါတယ်။







