ဗြိတိန်အစိုးရက ကချင်အပါအဝင် ထပ်တိုးထုတ်ပြန်လိုက်သည့် ဒေသများသို့ ၎င်းတို့နိုင်ငံသားများ ခရီးမသွားရန် သတိပေး

374

 

စက်တင်ဘာ၊ ၁၉

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုကို ဗြိတိန်နိုင်ငံသားတွေ ခရီးမသွားကြဖို့ ဗြိတိန်အစိုးရက သတိပေးချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ရက်စွဲနဲ့ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး (FCDO) က ထုတ်ပြန်တဲ့ ခရီးသွားလာရေးအကြံပြုချက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဲဒီလို ဖော်ပြထားတာဖြစ်ပါတယ်။

ခရီးမသွားရမယ့် နေရာတွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယားပြည်နယ်)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃၊ ဇူလိုင်လတုန်းကလည်း ဗြိတိန်အစိုးရ သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံထဲခရီးမသွားရမယ့်နေရာတွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ တနင်္သာရီတိုင်းမပါဝင်သေးပေမဲ့ အခုထုတ်ပြန်ချက်မှာတော့ တနင်္သာရီတိုင်း ပါဝင်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတောင်ပိုင်းအစွန်ဆုံးနဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းတို့ကိုလည်း မဖြစ်မနေလိုအပ်မှသာ ခရီးသွားကြဖို့ အသိပေးထားပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပစ်ခတ်မှုတွေ၊ ဗုံးကွဲမှုတွေဖြစ်ပေါ်နေပြီး ရန်ကုန်၊ နေပြည်တော်လိုနေရာမျိုးက စစ်ရေးပစ်မှတ်တွေပါ တိုက်ခိုက်ခံနေရတယ်လို့လည်း အသိပေးချက်မှာ ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ဗြိတိန်အစိုးရက ခရီးမသွားဖို့ ထုတ်ပြန်ထားတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

မြေပုံသည် အနီရောင်ခြယ်ထားသည့် နေရာများသည် မသွားရန်သတိပေးတာမြစ်းထားသည့် ဒေသများဖြစ်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here