စစ်ကောင်စီညွှန်ကြားချက်ဖြင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ဆန်၊ဆီနှင့် ကုန်စိမ်းများ ပုံမှန်ဈေးထက် လျော့ရောင်းနေ

8
စီတာပူရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ဆန်၊ဆီနှင့် ကုန်စိမ်းများ ပုံမှန်ဈေးထက် လျော့ရောင်းနေ
ဓါတ်ပုံ- စီတာပူရပ်ကွက်အုပ််ချုပ်ရေးမှူးရုံးအနီး တန်းစီစောင့်ဆိုင်းဝယ်ယူနေစဉ်။

 

စက်တင်ဘာ၊၁၉

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့မှာ ဒီကနေ့ မနက်စောပိုင်းက စစ်ကောင်စီရဲ့ညွန်ကြားချက်နဲ့ ဆန်၊ ဆီ၊ကုန်စိမ်းနဲ့ အသားတွေကို ပုံမှန်ထက် လျော့နည်းတဲ့စျေးနှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

စည်ပင်ဝန်ထမ်းတွေနဲ့ ဆီကုန်သည်အသင်းက ဝန်ထမ်းတွေကနေ ပုံမှန်ထက်လျော့နည်းတဲ့ စျေးနှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့ သွားရောက်ဝယ်ယူခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

” ဒီမနက်က ရပ်ကွက်ရုံးရှေ့နှစ်နေရာမှာ ရောင်းပေးတာ။ အဓိကဆီပေါ့။စားဆီတစ်ပိဿာကို ၅,၀၅၀ ၊ ဆန်တစ်ပြည် ၃,၀၀၀၊ ဝက်သား ငါးဆယ်သားကို ၈,၀၀၀ နဲ့ ရောင်းပေးတာ။ ဆီကတော့ လူတစ်ယောက်ကို နှစ်ပိဿာပေးတယ်။ လာဝယ်တဲ့ လူလည်းအများကြီးပဲ” လို့ ပြောပါတယ်။

အခုလိုလျော့စျေးနဲ့ရောင်းပေးခဲ့တာ ဒီကနေ့မနက်အပါအဝင် နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရောင်းချမှုမှာတော့ ဆီတစ်မျိုးတည်းသာပါဝင်ပြီးတော့ ဒီကနေ့မနက်မှာတော့ ဆန်နဲ့ အသားငါးတွေပါ ရောင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်နေပြီး စားအုန်းဆီစျေးမြင့်တက်ပြီးနောက် မြန်မာနိုင်ငံဆီကုန်သည်တွေနဲ့ ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဩဂုတ် ၃၁ ရက်နေ့က သတင်းတွေထွက်ပေါ်ပြီးတဲ့နောက် စက်တင်ဘာလဆန်းပိုင်းမှာ ကိုတာစနစ်(ဝေစုအလိုက်အကန့်အသတ်ဖြင့် ရောင်းချခြင်း)နဲ့ စျေးလျော့ရောင်းချရတဲ့ပုံစံ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအပါအဝင် အခြားမြို့နယ်အချို့ မှာ စားအုန်းဆီကို ကိုတာစနစ်နဲ ရောင်းချနေပေမဲ့ အောက်ခြေပြည်သူလုအကြားမှာ လောက်ငှမှု မရှိဘူးလို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။

ဓါတ်ပုံ- စီတာပူရပ်ကွက်အုပ််ချုပ်ရေးမှူးရုံးအနီး တန်းစီစောင့်ဆိုင်းဝယ်ယူနေစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here