စက်တင်ဘာ၊၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊မှော်စီစာကျေးရွာ၊ ခိုင်လုံကုန်းက ရေကန်ဟောင်းမှာ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာ၊ အောင်သာယာ(၂)ရပ်ကွက်က ခိုင်လုံရေကန်ဟောင်းမှာ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပြီး သုံးရက်ကြာမှ တွေ့ခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရိုးရိုး ပြုတ်ကျသေတာဟုတ်တယ်။ ပျောက်နေတာတော့ နှစ်ရက်သုံးရက်လောက်ရှိပြီ။ ဒီနေ့မှပေါ်လာတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ပြုတ်ကျသေဆုံးတဲ့ အမျိုးသားအမည်ဟာ ဦးညိုမောင်၊ အသက် ၄၀ ခန့်ရှိပြီး အောင်သာယာရပ်ကွက်(၂)မှာ နေထိုင်တယ်လို့ သိရပါတယ်။
ဖားကန့်မြိုကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်ရေး ကျင်းဟောင်း၊ရေကန်ဟောင်းတွေမှာ မကြာခဏ ရေမဆေးကျောက်ရှာဖွေသူတွေ ပြုတ်ကျပြီး ရေနစ်သေဆုံးနေတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ဖားကန့်မြို့ ၊အေးမြသာယာအုပ်စု၊ မနမှော်မှာ ကျောက်စိမ်းလုပ်ကွက်ကမ်းပါးပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် လက်ကျင်းကျောက်စိမ်း တူးဖော်နေသူ ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။