မိုးကောင်းချောင်း အနီးတစ်ဝိုက် ရွှေတူးဖော်မှုများ လယ်ယာခင်းအနီးထိ ရောက်လာသည့်အတွက် ဒေသခံများ စိုးရိမ်နေ

283

စက်တင်ဘာ၊၂၆

ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာ အနောက်ဘက် မိုးကောင်းချောင်းအနီးတစ်ဝိုက် ရွှေဝင်ရောက်တူးဖော်မှု ရပ်နားသွားတာမျိုး မရှိတဲ့အတွက် ရွှေတူးဖော်တဲ့ နေရာနဲ့ လယ်ခင်းဟာ ပေ ၅၀၀လောက်သာ ကွာဝေးတော့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလကနေ ရွှေစတင် ဝင်ရောက်တူးဖော်ခဲ့ကြတာဖြစ်ပြီး အရင်က နှစ်လုံးထိုးစက်တွေနဲ့သာ တူးဖော်ခဲ့ပြီးတော့ လက်ရှိမှာတော့ ခြောက်လုံးထိုး စက်တွေအထိ အသုံးပြု တူးဖော်လာနေကြတယ်လို့ နောင်းမီဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“မရပ်မနားတူးနေတယ်။ တချို့ ညမှာပါ တူးတယ်။ ရေကြီးရင်လည်း တူးတယ်။ မျှောစင်ထောင်ပြီး တူးတယ်”လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ ရွှေရောက်တူးဖော်နေသူတွေဟာ ဗန်းမော်၊ မိုးညှင်း၊ ရွှေဘို၊ နမ္မတီး မြို့တွေဘက်က ဖြစ်ပြီး ဝါရာဇွပ်ကျေးရွာအထက်ဘက်နဲ့ မန်ပန်ကျေးရွာဘက်က ရွှေတူးဖော်နေသူ အချို့ပါ ထပ်မံ ဝင်ရောက်လာတဲ့အတွက် ရွှေဆိုင်း ၇၀ ကျော်လောက် ရှိ နေပြီလို့လည်း ဆိုပါတယ်။

ရွှေတူးဖော်နေသူတွေအနေနဲ့ အခုနှစ် ဒီဇင်ဘာလအထိ ရွှေတူးခွင့်ရထားတယ်လို့ ကြားသိနေရတဲ့အပြင် လက်ရှိတူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မြေစာတွေကို ရှင်းလင်းရေးမလုပ်ဘူးဆိုရင် ရေလမ်းကြောင်းလွဲပြီး လယ်တွေဆီ ရေဝင်ရောက်လာနိုင်တဲ့ အန္တရာယ် စိုးရိမ်နေရတယ်လို့ နောက်ထပ်နောင်းမီဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

” ဘယ်က၊ ဘယ်ကလာမှန်းလည်း မသိဘူး။ ခုတလော ဝင်လာတာ ပိုများလာတယ်။ သူတို့ ရွှေတူးပြီး ကျန်တဲ့မြေစာတွေ ရေလမ်းကြောင်းမှာ ပိတ်လိုက်ရင် ရေလမ်းကြောင်းလွဲပြီး လယ်တွေဆီ ဝင်လာနိုင်တယ်။ ဒီဇင်ဘာအထိ တူးပြီး ရေကြောင်းရှင်းလင်းရေးတွေ လုပ်ပေးသွားမယ်လို့တော့ ပြောတယ်။ မရှင်းရင်တော့ နောက်နှစ်တွေမှာ စိုးရိမ်ရတယ်”လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ ကန့်ကွက်ချင်ပေမဲ့ ရွှေတူးဖော်နေသူတွေကနေ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အခွန်ပေးဆောင်ပြီးပြီလို့ ပြောကြားတာတွေ ရှိနေတဲ့အတွက်ကြောင့် အခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့ နေရာအနီးတစ်ဝိုက်မှာ ဒေသခံပြည်သူတွေရဲ့ လယ်ယာ၊ အခင်းတွေ ရှိပြီးစိုက်ပျိုးရေးအတွက် အဲဒီချောင်းကိုပဲ အဓိက မှီခိုအားထားနေရတာဖြစ်ပြီးတော့ ရွှေတူးဖော်မှုကြောင့် စားကျက်မြေနဲ့ လယ်ယာ၊ အခင်းတွေ ‌ဧက ၁၀၀ ကျော်လောက် ပျက်စီးဆုံးရှုံးသွားပြီလို့လည်း သိရပါတယ်။

အခုရွှေတူးနေတဲ့ မိုးကောင်းချောင်းနေရာတစ်လျှောက်ဟာ နောင်းမီကျေးရွာ ‌ဧရိယာအတွင်း ပါဝင်ပြီး ရွာနဲ့တစ်မိုင်ကျော်လောက်သာ ဝေးတယ်လို့လည်း သိရပါတယ်။

ဒေသခံရဲ့ ပြောပြချက်အရ နောင်းမီကျေးရွာအုပ်စုမှာ အိမ်ခြေ ၉၀၀ လောက်ရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here