အောက်တိုဘာ၊ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနား- မြစ်ဆုံလမ်းမှာ စစ်ကောင်စီတပ်သားတွေ အခုရက်ပိုင်း သိသိသာသာ သွားလာလှုပ်ရှားနေတဲ့အတွက် ဒေသခံပြည်သူတွေ ကြောက်လန့်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်က မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမှာ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးနောက် နှစ်ဖက်တပ်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လက်ရှိ မြစ်ဆုံသွားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာနေကြတာ ဖြစ်တယ်လို့ မြစ်ဆုံလမ်းပေါ်နေ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“နှစ်ရက်၊ သုံးရက်လောက် မရှိတော့ဘူးဟုတ်တယ်။ ဒီမနက်ကနေစပြီး မြစ်ဆုံသွားလမ်းတစ်လျှောက် ပြန်ရှိနေတယ်။ ရပ်တဲ့သူကရပ်။ ထိုင်တဲ့သူကထိုင်ပြီး ရှိနေတယ်။ လေးယောက်၊ ငါးယောက် ရပ်နေကြတာ။ ဝါးတွေရော၊ ထင်းတွေရော ထုတ်နေကြတယ်။ဘာလုပ်ဖို့လည်းတော့ မသိဘူး“လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းလောက်ကပဲ တန်ဖရဲကျေးရွာက ဒေသခံအချို့ကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်လည်းရှိခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ဘက်ကနေ တက်လာတယ်လို့ ယူဆရတဲ့ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက် အစောပိုင်း ၅ နာရီလောက်ကနေ လုံဂါဇွပ်၊ ကျိန်ခရန်၊ အောင်မြင်သာ စတဲ့ ကျေးရွာတစ်လျှောက်က လမ်းမပေါ်တွေမှာ လေးယောက်ဝန်းကျင် စုဖွဲ့ပြီး သွားလာနေကြတဲ့အပြင် လမ်းမပေါ်သွားလာနေတဲ့ ပြည်သူအချို့ကိုလည်း တားဆီးစစ်ဆေးတာတွေပါ လုပ်ဆောင်နေကြတယ်လို့လည်း အထက်ပါဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
လုံဂါဇွပ်ကျေးရွာဘက်မှာလည်း ဒီကနေ့မနက်အစောပိုင်းကနေ စစ်ကောင်စီတပ်သားတွေ သွားလာနေကြပြီး မြစ်ဆိပ်ဘက်တွေမှာပါ ရှိနေကြတယ်လို့ လုံဂါဇွပ်ဒေသခံကလည်း အခုလို ပြောပါတယ်။
“တချို့က အထက်ဘက်ကို တက်သွားကြပြီ။ ကားတစ်စီးစာလောက်တော့ ဒီမှာ(လုံဂါဇွပ်ရွာ) ချထားတယ်။ သူတို့ရှိတော့ တောဘက်တွေလည်း မသွားရဲဘူး”လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်သားတွေ လမ်းပေါ်သွားလာလှုပ်ရှားနေကြတဲ့အတွက် ဒေသခံတွေ သွားရေးလာရေး သတိထားနေရပြီး ဒီကနေ့မနက် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားအင်အားကိုတော့ ခန့်မှန်းဖို့ ခက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







