အောက်တိုဘာ၊၁၀
နိုင်ငံရေးနဲ့ စစ်ရေးတွေမှာ ရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် ပြည်သူများအပေါ် အငြိုးအတေးထားပြီး တရားလက်လွတ်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်တာ ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
KIO ဌာနချုပ်အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီး အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့အပေါ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော်(AA)၊ တအောင်းအမျိုးးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က အထက်ပါအတိုင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီကနေ ညအချိန်မတော် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်စခန်းက ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၃၀ နီးပါး သေဆုံးခဲ့ရပြီး အခုလို မိုက်တွင်းနက်နက် စစ်ရာဇဝတ်မှု ကျူးလွန်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အလားတူ တစ်ချိန်တည်းမှာ လိုင်ဇာမှာရှိတဲ့ ရခိုင့်တပ်တော် တပ်စခန်းတစ်ခုအတွင်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တစ်ပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ၁၀ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် တရားမျှတမှုနဲ့ အမှန်တရား ရရှိရေးတို့အတွက် ကချင်လူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) တို့နဲ့တူ တစ်သားတည်းရှိတယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။
အဲဒီတိုက်ခိုက်မှုမှာ စစ်ရှောင်ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညနေပိုင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုဖြေကြားထားပါတယ်။







