အောက်တိုဘာ၊ ၁၀
KIO ဗဟိုဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက် သေဆုံးသွားရတဲ့သူတွေနဲ့ မိသားစုဝင်တွေအတွက် လူသားချင်း စာနာထောက်ထားမှုအပြင် အမှန်တရားနဲ့ တရားမျှတမှုရရှိရေး လိုအပ်တယ်လို့ ကချင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
တရားမျှတမှုသာမက တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ကြရတဲ့ အရပ်သားပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအထိ ပြန်လည်ကုစားတဲ့ အစီအစဉ်အမံတွေ၊ လူသားချင်းစာနာ ထောက်ထားမှုတွေနဲ့ ဘေးကင်းလုံခြုံမှုတွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
မနေ့က အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းက ကလေးသူငယ် ၁၃ ဦးခန့်အပါအဝင် အပြစ်မဲ့တဲ့ စစ်ရှောင်ပြည်သူ စုစုပေါင်း အယောက် ၃၀ ခန့် သေဆုံးခဲ့ရပြီးတော့ အယောက် ၆၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးမှုအပြင် စစ်ရှောင်စခန်းတစ်ခုလုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသလို ဒီအဖြစ်အပျက်အပေါ် ကချင်လှုမှုအဖွဲ့အစည်းအနေနဲ့ ထိတ်လန့်ဝမ်းနည်းရတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်ဟာ စစ်ကောင်စီက အပြစ်မဲ့တဲ့ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်းလည်း ရေးသားထားပါတယ်။
ဒါ့အပြင် အခုလို ကျပ်တည်းနေတဲ့ကာလအတောအတွင်းမှာ ဒီလိုတိုက်ခိုက်မှုတွေက ထိခိုက်နစ်နာလွယ်တဲ့သူတွေကို ပိုပြီးထိခိုက်စေတာကြောင့် အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာကိုလည်း မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ- Awng Ja







