အောက်တိုဘာ၊၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းကဆိုင်တွေမှာ အဖွဲ့အစည်းတစ်ခုက ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အများပြည်သူ လက်ခံထားတဲ့ အဖွဲ့အစည်းက ဗိုလ်မှူးလွင်ကိုကိုအောင်လို့ဆိုပြီး ဖုန်းဆက် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖုန်းဆက်ပြီး ငွေတောင်းခံရတဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“Wave payနဲ့ ငွေလွှဲရမယ်။ မလွှဲဘူးဆိုလို့ရှိရင် လူကိုယ်တိုင် လာဆောင်ရမယ်ပေါ့။အဲဒီလိုမှ လာမဆောင်ဘူးဆိုရင် သူတို့ကနေပြီးမှ ဒီဆိုင်မှာရှိတဲ့ လူအသက်အန္တာရယ်နဲ့ အဲဒီလိုမျိုး အရှင်မထားဘူး၊ ဘာညာခြိမ်းခြောက်တာတွေ လုပ်တယ်။ ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်
ဗိုလ်မှူးလွင်ကိုကိုအောင်ဆိုတဲ့ အဖွဲ့အစည်းက လူကိုယ်တိုင်ဆိုရင် ၁၀ သိန်းကျော်တောင်းပြီး Wave Pay နဲ့ဆိုရင်တော့ ၇ သိန်းတောင်းတယ်လို့ ဆိုပါတယ်။
စျေးဆိုင်တွေ၊ဖုန်းဆိုင်တွေ၊ဘားဆိုင်တွေမှာ ဖုန်းနံပါတ် ၀၉-၇၅၃၃၀၁၂၉၇ နံပါတ်နဲ့ ဆက်လာပြီး ဗိုလ်မှူးလွင်ကိုကိုအောင် တပ်မ(၃၃)က ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှုတွ ပြုလုပ်ခဲ့တယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လပိုင်းမှာလည်း ဖားကန့်မြို့က ဆိုင်တွေမှာ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူဟာ အခုလိုပဲ ဖုန်းဆက်ခြိမ်းခြောက်၊ ခြိမ်းခြောင်စာတွေ ပို့ပြီး ငွေတောင်းခံတာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို KPDF အဖွဲ့က ဩဂုတ်လအတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။







