အောက်တိုဘာ၊ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့က စစ်ကောင်စီရဲ့ စစ်ခုံးရုံးကနေ မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ CDM ကျောင်းဆရာတစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ပြစ်ဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့ Indaw Revolution-IR က သိရပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးထဲက မဂျုံးဂျုံးကျော်ဇင်ကို ပုဒ်မ ၅၂(က)၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး ကိုဟိဏ်းမင်းသူ(ခ) အာနိုးနဲ့ ကိုဇော်မြင့်ထွန်းကိုတော့ ပုဒ်မ ၅၀ (ည)၊ ၅၂(က) နဲ့ ၅၂ (ခ) တို့နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့တယ်လို့ Indaw Revolution-IR ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ထောင်ဒဏ်တစ်သက်ချမှတ်ခံရတဲ့ ကိုဟိဏ်းမင်းသူဟာ ကျော်ရွာအလယ်တန်းကျောင်းက အလယ်တန်းပြ CDM ကျောင်းဆရာတစ်ဦးဖြစ်ပြီး ဇွန်လ ၅ ရက်နေ့မှာ အင်းတော်မြို့ပေါ် ရေနားတန်းရပ်ကွက်က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်ထောင်ဒဏ်တစ်သက်ချမှတ်ခံရတဲ့ ကိုဇော်မြင့်ထွန်းကတော့ ဘယ်အချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး ဘယ်ရွာကလဲဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ချမှခံရတဲ့ မဂျုံးဂျုံးကျော်ဇင်ကတော့ အင်းတော်မြို့ပေါ်ကဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့က ကသာမြို့ကအပြန် အင်းတော်စစ်တပ်ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာလည်း အသက် ၃၀ ကျော်အရွယ် CDM ဆရာမတစ်ဦး အင်းတော်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီက သူတို့အလိုရှိတဲ့ ပြည်သူတစ်ဦးကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တဲ့အချိန် မတွေ့ရတဲ့အတွက် မိသားစုဝင် ၃ ဦးကို ဖမ်းခေါ်သွားကြပြီး နောက်နှစ်ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ် လို့လည်းသိရပါတယ်။
အာဏာသိမ်းပြီးနောက် အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီကဖမ်းပြီး စီရင်ချက်ချမှတ်ခံထားရတဲ့ အရပ်သားပြည်သူတွေ ၂၀ ယောက်အထက် ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
အင်းတော်မြို့အတွင်းနဲ့ မြို့အဝင်အထွက်က စစ်ကောင်စီဂိတ်တွေမှာ ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့လည်း Indaw Revolution-IR တာဝန်ရှိသူက အသိပေးပြောကြားပါတယ်။







