မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား KIA၊ PDF မှ ပူးပေါင်းတိုက်ခိုက်

210

 

အောက်တိုဘာ၊၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ့်မဖြစ်ကျေးရွာမှာ မနေ့ည ၁၀ နာရီခန့်လောက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အထိအခိုက်အကျအဆုံးရှိတယ်လို့ သိရပါတယ်။

နမ့်မဖြစ်ကျေးရွာက မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDFပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KPDFနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ KIA၊KPDF ပူးပေါင်းတပ်ကနေပြီးတော့မှ မြန်မာသူရကုမ္ပဏီဝင်းထဲက စကစအဖွဲ့ကို ဝင်စီးတာပေါ့။အထိအခိုက် အကျအဆုံးလည်းရှိနိုင်တယ်ဗျာ။ တော်တော်လေးများမဲ့သဘော ရှိလောက်တယ်။ “လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ဖားကန့်ရဲစခန်းနဲ့ ကျောက်စိမ်းတောင်တံတားကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မြန်မာသူရကုမ္ပဏီဝင်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားပြီး သူတို့တပ်စွဲနေတဲ့ နေအိမ်တစ်လုံးနဲ့ ကားတစ်စီးကို KIA၊KPDF ကနေ မီးရှို့ဖျက်ခဲ့တယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မြန်မာသူရကုမ္ပဏီဝင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲ စုစုပေါင်း အင်အား ၃၀ နီးပါးရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ပြောဆိုနေပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီကိုဆန့်ကျင်တဲ့ အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီကနေ ဖမ်းဆီးထားပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ဖားကန့်မြို့ နယ်၊ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန့်မြို့သစ်က စစ်ကောင်စီရဲစခန်းကို KIAနဲ့ KPDF ပူးပေါင်းတပ်တို့ ဒရုန်းနဲ့ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here