ဝိုင်းမော်-လိုင်ဇာလမ်းက စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ရှမ်းမြောက်က တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

298

 

အောက်တိုဘာ၊၃၁

ဝိုင်းမော် -လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ရှမ်းမြောက်အခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ (KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ဌာနချုပ်အနီးက နမ်ဆန်ယန်ကျေးရွာ မရောက်ခင် ကန်တော်ယန်ကျေးရွာက တပ်စခန်းတစ်ခုကို ဒီကနေ့မနက် ၆ နာရီလောက်က KIAကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

”ဒီမနက် ၆နာရီကနေ တိုက်တာ။ ၂ နာရီလောက် ကြာတာပေါ့။ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIAတပ်မဟာ ၄၊ တပ်ရင်း ၈ ကနေ နမ့်ဟိုင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီကနေ့မနက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ကန်တော်ယန် စစ်ကောင်စီတပ်စခန်းဟာ စစ်သားအင်အား ၃၀ လောက်ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး လက်နက်သိမ်းယူနိုင်မှု အခြေအနေနဲ့ ထိခိုက်ကျရှုံးတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်မှာ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က မလိယန်ကျေးရွာဘက်မှာလည်း နှစ်ဖက်တပ် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် ဂျာထုရွာနဲ့ KIAကနေ သိမ်းယူနိုင်ခဲ့တဲ့ အောင်ဂျာတပ်စခန်း ဘက်ကိုလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းမြောက်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး အမည်နဲ့ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိနေပြီး KIA ကလည်း စစ်ကောင်စီရဲ့ စခန်းကို တိုက်ခိုက်သိမ်းပိုက်တာတွေ လုပ်ဆောင််လာတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here