အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၅ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြော

328

 

အောက်တိုဘာ၊၃၁

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာက စစ်ကောင်စီတပ်စခန်း တွေဖြစ်တဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တို့ကို KIA ကနေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ စခန်းထိုင်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ရှမ်းမြောက်ဘက်က စစ်ကောင်စီရဲ့ ခမရ ၅၆၇ စခန်း(ရင်းလတောင်)ကို သိမ်းယူနိုင်ခဲ့တဲ့အပြင် ၂၀ ရက်နေ့မှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က အောင်ဂျာတပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄၊ တပ်ရင်း ၈ ကနေ နမ့်ဟိုင်းအခြေစိုက် မုံးမော်စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အပြင် ဒီကနေ့မကနက် အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်က ကန်တော်ယန်စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အောက်တိုဘာလအတွင်း သိမ်းတာက စခန်း ၅ခုပေါ့”လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ဇူလိုင်လ ပထမပတ်ကနေစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီကနေ ဝိုင်းမာ်-လိုင်ဇာ-ဗန်းမော်လမ်းတစ်လျှောက် စစ်ကြောင်းတွေ ထိုးနေတာကြောင့် နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့အပြင် စစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here