တစ်နိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီကို တပြိုင်နက် ဝင်တိုက်ကြရန် ညီနောင် ၃ ဖွဲ့ လေးလေးနက်နက် တောင်းဆို

249

 

အောက်တိုဘာ၊ ၃၁

မြန်မာနိုင်ငံတဝှမ်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကို တပြိုင်ထဲဝင်တိုက်ကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ လေးလေးနက်နက်တိုက်တွန်းလိုက်ပါတယ်။

“ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲမှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်” လို့ ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေခင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုအချိန်မှာတော့ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့အထိတော့ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့တို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး သန္နီမြို့ကိုလည်း ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့ဟာ ကချင်ပြည်နယ်၊ လိုင်ဇာအနီးက စစ်ကောင်စီရဲ့ ကန်တော်ယန်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ (၃၈၇) တပ်ရင်းမှူးလည်း သေဆုံးသွားတယ်လို့ ညီနောင် ၃ ဖွဲ့က အတည်ပြုထားပါတယ်။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးကို ညီနောင် ၃ ဖွဲ့က ပြုလုပ်နေတဲ့အချိန် နိုင်ငံတဝှမ်းက တော်လှန်ရေးအင်အားစုတွေလည်း တပြိုင်ထဲ စစ်ကောင်စီကို ဝင်တိုက်ကြဖို့ တောင်းဆိုလိုက်တာပါ။

အခုအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စခန်းပေါင်း ၈၀ ကျော်ကို သိမ်းပိုက်ထားနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ အွန်လိုင်းလောင်းကစား လိမ်လည်မှုပပျောက်ရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်ဆိုပြီး ၁၀၂၇ နာမည်နဲ့ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မနက် ၄ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here