မိုင်းနားကျေးရွာက စစ်ရှောင်စခန်းများအနီး ဒရုန်းများ ညစဉ်ပျံဝဲနေခြင်းကြောင့် စစ်ရှောင်ပြည်သူများထိတ်လန့်နေ

305

 

အောက်တိုဘာ၊ ၃၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာမှာရှိတဲ့ RC စစ်ရှောင်စခန်းနဲ့ KBC စစ်ရှောင်စခန်းနှစ်ခုအနီး အခုရက်ပိုင်းအတွင်း ညအချိန်တွေမှာ ဒရုန်းပျံဝဲတာတွေ ရှိနေတဲ့အတွက် စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ဘယ်အဖွဲ့ကလွှတ်တဲ့ ဒရုန်းလည်းဆိုတာ မသိရပေမဲ့ စစ်ရှောင်စခန်းနှစ်ခုစလုံးပေါင်းရင် လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းကြီး ဖြစ်တဲ့အတွက် မုန်လိုင်ခက်စစ်ရှောင်စခန်းလို အဖြစ်မျိုးကြုံမှာကို စိုးရိမ်နေကြတာလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေကို မုန်လိုင်ခက်လိုမျိုး လုပ်လိုက်မှာကို စိုးရိမ်တယ်။ လူများများစုတဲ့ နေရာမှာတောင် နေဖို့ကြောက်လာပြီလို့ ပြောနေကြတယ်။ မနေ့ည(အောက်တိုဘာ ၂၉ ရက်နေ့)ကပဲ ၃ ကြိမ်တောင် လာပျံဝဲနေတာတဲ့။”လို့ဆိုပါတယ်။

လက်ရှိအချိန် စစ်ရှောင်စခန်းမှာ စုနေကြဖို့တောင် ထိတ်လန့်နေကြတယ်လို့လည်း မိုင်းနား RC စစ်ရှောင်စခန်းက အမျိုးသားတစ်ဦးကလည်း ဒရုန်းပျံဝဲတဲ့အပေါ် အခုလို ပြောပါတယ်။

“ညတိုင်းပျံတယ်။ ကျနော်လည်း ကြည့်ပြီး စိုးရိမ်နေတယ်။ ဒရုန်းဟုတ်တယ်။ ညမှာ ကျနော်လည်း ကြည့်နေတယ်။ ထောက်လှမ်းရေးဖြစ်မယ်လို့ ကောက်ချက်ချတယ်လေ။”လို့ ဆိုပါတယ်။

ဒရုန်းအပြင် လေယာဉ်ပျံတွေ နေ့စဉ်နီးပါး ဖြတ်သန်းတာကို မြင်နေရတဲ့အတွက်ကြောင့်လည်း စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေကြတာပါ။

အဲဒီစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေတာ ဆယ်စုနှစ်တစ်စု ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အခုအချိန်မှာ ဝိုင်းမော်- လိုင်ဇာ- ဗန်းမော်လမ်းတစ်လျှောက်ရှိ အဲဒီစစ်ရှောင်တွေရဲ့ မူလကျေးရွာတွေမှာ စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တို့ ဇူလိုင်လ ပထမအပတ်ကတည်းက တိုက်ပွဲတွေပြင်းထန်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here