ကန်တော်ယန်စခန်း သိမ်းပိုက်ခံရအပြီး စစ်ကောင်စီက လိုင်ဇာဗဟိုဌာနချုပ်အနီး နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

265
ဓါတ်ပုံ-လိုင်ဇာမြို့အား မြင်တွေ့ရစဉ်။

နိုဝင်ဘာ၊၃၁

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ဝိုင်းမော်-လိုင်ဇာလမ်း ကန်တော်ယန်ကျေးရွာက စစ်ကောင်စီတပ်ခစန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် KIO ဗဟိုဌာနချုပ်အနီးကို စစ်ကောင်စီကနေ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲခိုက်တာတွေ ပြုလုပ်နေပါတယ်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးကို လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ ကန်တော်ယန် လုံခြုံရေးစခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းအင်အားစုအဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့နောက် ဆက်သွယ်ရေးလမ်းကြောင်းကို တားဆီးထိန်းချုပ်ဖို့ ဆောင်ရွက်လာတာကြောင့် လိုအပ်တဲ့ တုန့်ပြန်မှု ဆောင်ရွက်မယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့တာပါ။

အဲဒီလိုပြောဆိုအပြီး မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာ လေးစင်းနဲ့ လိုင်ဇာမြို့အနီးတစ်ဝိုက် သုံးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာလည်း တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာတော့ ၂ ကြိမ်လာရောက် ပစ်ခတ်မှု ရှိခဲ့တယ်လို့ လိုင်ဇာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

KIA နဲ့ ပူးပေါင်းအင်အားစုတွေအနေနဲ့ ကန်တော်ယန်တစ်ဝိုက်က လုံခြုံရေးအဖွဲ့ကို အင်အားအလုံးအရင်းနဲ့ အလစ်အငိုက်ရယူပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း လဲလုံလမ်းကြောင်း လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း စစ်ကောင်စီက ပြောဆိုပါတယ်။

ဒါ့ကြောင့် သက်ဆိုင်ရာ Peace Talk Creation Group (PCG) ကတစ်ဆင့် ဆက်သွယ်ပြီး အများပြည်သူ အသုံးပြုတဲ့ အရေးကြီးတဲ့ ဆက်သွယ်ရေးလမ်းဖြစ်တာကြောင့် အကြမ်းဖက်လုပ်ရပ်တွေ မပြုလုပ်ဖို့နဲ့ ထပ်မံပြီး အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်လာခဲ့ရင် သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ နှစ်ကြိမ်တိုင်တိုင် အသိပေး အကြောင်းကြားခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာတွေကနေ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ထာဝရငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ငြိမ်းချမ်းရေးကို အကြိမ်ကြိမ်ကမ်းလှမ်းပြီးတော့ တတ်နိုင်သရွှေ့ သည်းခံမှုတွေ ပြုလုပ်ခဲ့ပေမဲ့ KIA နဲ့ ပူးပေါင်းအင်အားစုတွေအနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အကြမ်းဖက် အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အချိန်ကိုက် အခွင့်အရေးယူပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ပြည်သူလူထုနဲ့ ပတ်သက်ပြီး နှောင့်ယှက်ထိပါးစေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ထပ်မံဆောင်ရွက်လာခဲ့ရင် လိုအပ်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ခန်း ၅ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားပြီး မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ကလည်း စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ စခန်း ၉၀ နီးပါး သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here