ရှမ်းမြောက်ကွတ်ခိုင်မြို့တွင် စားသောက်ကုန်များဈေးမြင့်တက်နေပြီး ဝယ်ယူရှိရန် ခက်ခဲနေ

355

 

နိုဝင်ဘာ၊၁

ရှမ်းမြောက်ဒေသမှာ လမ်းပိုင်းတွေ ပိတ်ပင်ထားတဲ့နောက် ကွတ်ခိုင်မြို့မှာ စားသောက်ကုန်တွေ ဈေးမြင့်တက်ပြီး ဝယ်ယူရရှိဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့ထဲမှာ စားသောက်ကုန်ဝယ်ယူဖို့ ခက်ခဲတဲ့အပြင် စက်သုံးဆီတွေကိုလည်း အကန့်အသတ်နဲ့သာ ရရှိနေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံတွေ့နေကြတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“စားစရာ အရမ်းဝယ်ရခက်တယ်။ ကုန်ပစ္စည်းတွေက သုံးဆလောက် တက်သွားတော့ ပြည်သူတွေအတွက် အရမ်းခက်ခဲတာ။ အားလုံး ဈေးတက်သွားတယ်။ လမ်းကမဖွင့်သေးဘူး။ စက်သုံးဆီက သူတို့အကန့်အသတ်နဲ့ ရောင်းပေးတယ်။ တန်းစီပြီး ရောင်းပေးတယ်။” လို့ အထက်ပါမြို့ခံက ဆိုပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ အရင်က ဓာတ်ဆီတစ်လီတာကို ကျပ်နှစ်ထောင်ကျော်သာ ရှိရာကနေ လက်ရှိမှာတော့ ကျပ်လေးထောင့်ငါးရာထိ မြင့်တက်သွားပြီး တစ်ဦးကို တစ်ဂါလံနှုန်းနဲ့ အကန့်အသတ်ပဲ ဝယ်ယူရရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် မြို့ထဲက ဈေးဆိုင်တွေလည်း ဖွင့်လှစ်တဲ့သူတွေရှိသလို ပိတ်ထားတဲ့ သူတွေလည်းရှိပြီးတော့ ကုန်ဈေးနှုန်းမြင့်တက်တယ်ဆိုတာထက် ဝယ်ယူရရှိဖို့ကို ခက်ခဲနေတာဖြစ်တယ်လို့ နောက်ထပ် ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း အခုလိုပြောပြပါတယ်။

“ဈေးတက်တာထက် ဝယ်လို့တောင်မရတော့တာ။ ဈေးကြီးရင်တောင် မရှိဘူး။ ဆန်တွေလည်း မရှိတော့ဘူး။ ဈေးဆိုင်လည်း ဖွင့်ထားပေမဲ့ လက်နက်ကြီးမြည်တာနဲ့တော့ တစ်ခါတည်းပိတ်ပြီ။”လို့ ဒေသခံက ဆိုပါတယ်။

အရင်က တစ်သိန်း ၇ သောင်းဝန်းကျင်ရှိတဲ့ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ဟာ ဒီရက်ပိုင်းအတွင်းမှာကို နှစ်သိန်းကျော်အထိ ဈေးတက်သွားပြီး ၈ သောင်းခွဲလောက်နဲ့ရတဲ့ ပုံမှန်ဆန်တွေလည်း တစ်အိတ်ကို တစ်သိန်းကျော်ဈေးရှိသွားပြီလို့ သိရပါတယ်။

လက်ရှိအချိန် ကွတ်ခိုင်မြို့မှာထဲတော့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ တောက်လျှောက်ရှိနေပြီး အနီးနားပတ်ဝန်းကျင်က ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲတာတွေရှိနေသလို မြို့ခံတွေကိုလည်း ညနေငါးနာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ပြောဆိုထားကြောင်းလည်း သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအရ လက်ရှိ ရှမ်းမြောက်ဒေသဘက်မှာ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဆင်ရေးအရ ရှမ်းမြောက်ဒေသဘက်က လမ်းမကြီးတွေကိုလည်း ပိတ်ပင်ထားတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here