ဒေါ့ဖုန်းယန်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ဒေသခံများ စိုးရိမ်

223

 

နိုဝင်ဘာ၊၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ စစ်ကောင်စီတပ်စခန်းကနေ ဒီကနေ့မနက် ၆ နာရီလောက်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ဆိုသလို ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ်၊ နားလုံရွာ စစ်ကောင်စီတပ်စခန်းကို ရောက်ရှိနေတဲ့ စစ်ကူတွေကို ဒေါ့ဖုန်းယန်မြို့က စစ်ကောင်စီတပ်စခန်းက တပ်သားအချို့ သွားကြိုနေတယ်ဆိုတဲ့ သတင်းကြားသိရတဲ့နောက်ပိုင်း ဒေါ့ဖုန်းယန်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေါ့ဖုန်းယန် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ညက ရောက်ရှိလာတဲ့ အထက်ပါ နားလုံစစ်ကောင်စီတပ်စခန်းက စစ်သားတွေကို ဒီကနေ့မနက် ဒေါ့ဖုန်းယန်တပ်က စစ်သားအချို့ သွားကြိုနေတယ်ဆိုတဲ့ သတင်းကြားရတဲ့နောက်ပိုင်းကနေ လမ်းရှင်းတဲ့သဘောနဲ့ ၁၀ နာရီကျော်အချိန်အထိကို လက်နက်ကြီးဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေါ့ဖုန်းယန် အထက်ပါ ဒေသခံပြည်သူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

” ခုလည်း သေနတ်တွေ ပစ်နေတယ်။ လမ်းရှင်းတဲ့ သဘောနဲ့ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ တောင်သူတွေလည်း လယ်တွေဆီ စပါးရိတ်လည်း ဘယ်သူမှ မသွားကြဘူး။ ကလေးတွေ ကျောင်းလည်း မသွားဘူး”လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန် လက်နက်ကြီးသံတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့အတွက် ဒေါ့ဖုန်းယန် ဒေသခံတွေဟာ ရွာအနီး လက်နက်ကြီး ကျရောက်မှာကိုပါ စိုးရိမ်ကြောက်လန့်နေရတယ်လို့လည်း သိရပါတယ်။

နားလုံတပ်စခန်းကို ရောက်ရှိလာတယ်ဆိုတဲ့ စစ်ကူတွေဟာ အင်အားဘယ်လောက် ရှိနိုင်တယ်ဆိုတာကိုတော့ မသိရှိရဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒေသခံရဲ့ ပြောပြချက်အရ ဒေါ့ဖုန်းယန်မြို့နဲ့ နားလုံရွာဟာ ၅ မိုင်ကျော်လောက် ကွာဝေးတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here