နိုဝင်ဘာ၊ ၆
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။
အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တွေက အောင်အောင်မြင်မြင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ပြီလို့ NUG ထုတ်ပြန်ထားပါတယ်။
ဒါဟာ ခရိုင်အဆင့်ရှိတဲ့မြို့ကို ပထမဆုံးသိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး မနေ့ကညအထိ လက်နက် မျိုးစုံ (၅၄)လက်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းထားပြီး အသေးစိတ်ကိုတော့ ဆက်ပြီးထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။
ကောလင်းက မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Kawlin Info ကတော့ မနေ့ကညပိုင်းထိ စစ်ဘေးရှောင် ငါးသောင်းကျော် ရှိနေပြီး ဒီနေ့မှာလည်း ပိတ်မိတဲ့ပြည်သူတွေကို ကယ်ထုတ်ပေးနေတယ်လို့ ရေးသားထားပါတယ်။
ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့မှာ စပြီး ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေချိန် စစ်ကိုင်းတိုင်းထဲမှာလည်း PDF တွေနဲ့ မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကတော့ အခုအချိန်ထိ စစ်ကောင်စီရဲ့ စခန်း ၁၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး အလင်းဝင်တဲ့သူတွေဟာလည်း ၁၀၀ ကျော်နေပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဆီက သိရပါတယ်။







