နိုဝင်ဘာ၊ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်ထူထောင်နိုင်ခဲ့ပြီလို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့ ပြည်သူတွေအကို အသိပေးလိုက်ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မုံးကိုးဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ညနေပိုင်းမှာ မုံးကိုးမြို့နယ်ကို ရရှိခဲ့တာလို့ သိရပါတယ်။
မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တွေဟာလည်း ထွက်ပြေးသွားတဲ့အတွက် မုံးကိုးကို ပြန်ရလိုက်တာလို့ MNDAA က ဆိုပါတယ်။
မြို့သိမ်းနိုင်ပြီလို့ ပြောလို့ရမလားလို့ ဆိုတဲ့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက “မြို့တွင်းကိုတော့ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်တယ်ဗျ” လို့ ပြန်လည်ဖြေကြားပါတယ်။
အခုအချိန်မှာတော့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးအင်အားစုတွေဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိမ်းပိုက်ထားတဲ့မြို့တွေဟာ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်နဲ့ ချင်းရွှေဟော်တို့ဖြစ်ပြီး စုစုပေါင်း ၄ မြို့ရှိလာပါပြီ။
လက်ရှိမှာလည်း မုံးကိုးနဲ့ ချင်းရွှေဟော်ကြားမှာရှိတဲ့ လောက်ကိုင်မြို့ကို တော်လှန်ရေးအင်အားစုတွေက လမ်းကြောင်းဖြတ်တောက်ထားပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးစပြီး သိပ်မကြာခင်မှာပဲ အမျိုးသားညီညွတ်ရေးအစိုး (NUG)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။
ဒီနေ့အထိတော့ စစ်ကိုင်းတိုင်းထဲက အိန္ဒိယ-မြန်မာ နယ်စပ်နားမှာရှိတဲ့ ခမ်းပတ်မြို့နဲ့ ခရိုင်အဆင့်ရှိတဲ့ ကောလင်းမြို့တို့ကို သိမ်းပိုက်ထားပါတယ်။
ဓါတ်ပုံ- The Kokang







