နိုဝင်ဘာ၊၉
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအောက်ဘက်က စစ်ကောင်စီနဲ့ ရှမ်းနီ SNA တပ်တွေရဲ့ ပူးပေါင်းတပ်စခန်း ၃ ခုကို KIA၊PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ မနက်အစောပိုင်း ၃ နာရီကနေ ၇ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားပြီး သံယောဇဉ်ကုန်းမှာရှိတဲ့ စစ်ကောင်စီ SNA ပူးပေါင်းတပ်တွေရဲ့ အပေါ်စခန်း၊ အောက်စခန်းနဲ့ ကြိုးတံတားက စခန်းတွေကို KIA၊PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဆယ်ဇင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဆယ်ဇင်းအောက်ဘက်မှာ SNA နဲ့ PDF,KIA နဲ့ တိုက်ပွဲဖြစ်တယ်။ SNA ရဲ့စခန်း သံယောဇဉ်ကုန်း အောက်ကုန်း အပေါ်ကုန်း ကြိုးတံတား အဲဒါတွေကို KIA နဲ့ PDF က သိမ်းလိုက်ပြီ။” လို့ဒေသခံက ဖြစ်စဉ်ကိုပြောပြပါတယ်။
ရှမ်းနီ SNA တပ်တွေရဲ့ ၃၇၉ ၊ ၂၂၂ တပ်ရင်း တွေနဲ့ စစ်ကောင်စီပူးပေါင်းစခန်းကို KIA တပ်ရင်း ၂၆ တပ်ဖွဲ့ နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနယ်မြေဟာ KIA တပ်ရင်း ၂၆ ရဲ့ လှုပ်ရှားနယ်မြေဖြစ်ပြီး တိုက်ပွဲအတွင်း ရှမ်းနီတပ်ဘက်က ထိခိုက်မှုများနိုင်တယ်လို့ပြောပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတိအကျမသိရှိရသေးပါဘူး။
စစ်ကောင်စီနဲ့ ရှမ်းနီတပ်တို့ ပူးပေါင်းထိုင်ထားတဲ့ အဲဒီ သံယောဇဉ်ကုန်း တပ်စခန်းကနေ လက်နက်ကြီးတွေ အမြဲလိုလို ပစ်ခတ်နေတာလို့ သိရပါတယ်။
ဒါ့အပြင် မနေ့ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က လွစင်ကုန်းကျေးရွာဘက်မှာ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာလည်း ရှိခဲ့ပါတယ်။







