ဟူးကောင်းလီဒီုလမ်းမပေါ်ရှိ နမ်ဖြတ်စစ်ကောင်စီစခန်းကို KIA တိုက်ခိုက်၊ ဒေသခံများ ဘေးလွတ်ရာကို တိမ်းရှောင်နေရ

274

 

နိုဝင်ဘာ၊၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းလီဒိုလမ်းမပေါ်က နမ်ဖြတ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA)ကနေ ဒီကနေ့မနက် သွားရောက်တိုက်ခိုက်မှု ရှိခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နမ်ဖြတ် ၃၉၀ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၂ တပ်သားတွေကနေ သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒီမနက် ၄ နာရီလောက်ကနေစခဲ့တဲ့ အဲဒီတိုက်ပွဲဟာ မနက် ၈ နာရီကျော်လောက်အထိ လက်နက်ကြီး/ငယ် ပစ်ခတ်သံတွေ ကြားရခဲ့တယ်လို့ ဒေသသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်ရော ပစ်ကြတာ။ စစ်တပ်ဝင်းကို အုတ်တံတိုင်းကာ ထားတာတော့ ဟုတ်တယ်။ အင်အားဘယ်လောက် ရှိလဲတော့ မသိဘူး“လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နမ်ဖြတ်ဒေသခံပြည်သူတွေဟာ ကောင်ရာကျေးရွာဘက် ထွက်ဘေးတိမ်းရှောင်နေပြီး တနိုင်းမြို့ဘက် ထွက်ပြေးတိမ်းရှောင်ချင်သူတွေ ရှိပေမဲ့ ဒီကနေ့မနက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် တနိုင်း-တိန်ကောက်လမ်းပိုင်လည်း ယာယီပိတ်ထားမှုတွေ ရှိနေတယ်လို့လို့လည်း အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

နောက်ထပ်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ နမ်ဖြတ်ကျေးရွာဟာ တိန်ကောက်နဲ့ ကောင်ရာကျေးရွာ ကြားမှာတည်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အထက်ပါ ၃၉၀ စစ်ကောင်စီတပ်စခန်းဟာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စခန်းထိုင်လာကြတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်ကျော်လောက်ရှိပြီ ဖြစ်တဲ့အပြင် စစ်သားအင်အား ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ခန့်မှန်းပြောဆိုဖို့ ခက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုကိုတော့ မသိရှိရသေးဘဲ နမ်ဖြတ်ကျေးရွာမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြတယ်လို့လည်း သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here