ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့ကနေ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ ဒီကနေ့ဆိုရင် ၁၅ ရက်မြောက်နေ့အထိ ရှိလာပါပြီ။ ဒီအတောအတွင်းမှာ စစ်ကောင်စီရဲ့ စခန်း ၁၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်သလို မြို့တွေကိုလည်း ထိန်းချုပ်ထားပါတယ်။
ဒီစစ်ဆင်ရေးက ဘယ်လောက်အကျိုးသက်ရောမှု ရှိမလဲ။ဘာလို့စတင်ခဲ့တဲ့ စတဲ့အကြောင်းတွေကို သိရှိနိုင်ဖို့ သတင်းစာဆရာကြီး ဘာတေးလ်လင့်တနာကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းထားပါတယ်။
ဘာတေးလ်လင့်တနာဟာ ဆွီဒင်လူမျိုးသတင်းစာဆရာ ၊ စာရေးဆရာနဲ့ မဟာဗျူဟာအကြံပေးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ဆယ်စုနှစ် လေးစုလောက် စာရေးနေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဖျားစီးပွားရေးသုံးသပ်ချက်ရဲ့ မြန်မာသတင်းထောက်၊ ဆွီဒင်နေ့စဉ် Svenska Dagbladet နဲ့ ဒိန်းမတ်ရဲ့ Politiken အတွက် အာရှသတင်းထောက်ဖြစ်ပါတယ်။ လက်ရှိမှာ Asia Times ရဲ့ သတင်းထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
မေး – ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့မှာ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို စလိုက်တာဟာ ဘာကြောင့်လို့ ထင်မြင်မိပါသလဲ။
ဖြေ- ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်လုပ်ဆောင်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ တစ်ခုက အနည်းဆုံးတော်လှန်ရေး အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသလိုခြင်းဖြစ်ပြီး နောက်တစ်ခု ကျနော်ယုံကြည်တာက ဒီ SAC နဲ့မဟာမိတ်ဖြစ်တဲ့ ကိုးကန့် ပြည်သူ့စစ် တွေ လုပ်ဆောင်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုကို တရုတ်က လိုက်ရှင်းစေချင်တယ်ပေါ့။ တစ်ဖက်မှာလည်း တရုတ်မဟာမိတ်ဖြစ်တဲ့ UWSA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာလည်း ဒီလို လှည့်စားမှုတွေ ရှိနေတာတွေ့ရတယ်။ ပြီးတော့ မကြာခင်က UWSA ထိပ်တန်းပုဂ္ဂိုလ်တစ်ချို့ကို တရုတ်အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ထားတာကို ကြည့်ရင် တရုတ်က ‘ဝ’ တွေကို သူတို့ ရဲ့ လုပ်ရပ်တွေကို ရှင်းလင်းစေလိုတာလည်း သိနိုင်တယ်။
မေး- ဒီရှမ်းမြောက်စစ်ဆင်ရေး ၁၀၂၇ ထဲမှာ KIA ကဘာကြောင့် တရားဝင် အတူမပါဝင်တာလဲ။ နောက်တစ်ချက်က အခုရှမ်းမြောက်မှာ တိုက်နေတဲ့တိုက်ပွဲက စစ်ဆင်ရေးအကြီးစားကြီးပေါ့နော်။ ခဏလေးအတွင်းမှာ စခန်းပေါင်းလည်း ၁၂၀ ကျော် သိမ်းပိုက်ထားနိုင်တယ်ပေါ့။ ဒီတိုက်ပွဲတွေ တိုက်နိုင်ဖို့အတွက် တရုတ်ဘက်က မီးစိမ်းပြလိုက်တယ်လို့ ပြောလို့ရလား။ မြောက်ပိုင်းသုံးဖွဲ့နဲ့ တရုတ် ဘာအပေးအယူလုပ်ထားတယ်လို့ ထင်ပါသလဲ။
ဖြေ- KIA ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ တရားဝင်ပါဝင်ခြင်း မရှိသော်လည်းပဲ KIA နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကြားမှာ နားလည်မှုတစ်စုံတစ်ရာ ရှိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် သိထားရမှာက ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင်နှင့် ပလောင်တို့အကြား နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြဿနာတစ်ချို့ ရှိနေတယ်ဆိုတာပါ။
မေး- နောက်တစ်ခု တစ်ဆက်တည်းမေးချင်တာက ရှမ်းမြောက်ဘက်က တိုက်ပွဲတွေဖြစ်တဲ့ နေရာတွေဟာ တရုတ်စီမံကိန်း BRI လမ်းကြောင်းပေါ်က နေရာတွေ များတယ်လို့ ပြောနေကြတယ်ပေါ့။ အဲဒါနဲ့တိုက်ပွဲနဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲ။ (ဥပမာ ဒီနယ်မြေတွေကို တိုက်ပြီးရင် တရုတ်နဲ့မြောက်ပိုင်းအဖွဲ့ အေးဆေး အလုပ်လုပ်လို့ရမယ်ဆိုတာမျိုး သဘောတူညီချက် ရှိထားတဲ့သဘောလား)။
ဖြေ- တရုတ်ရဲ့ ဒီလုံခြုံရေးဆိုင်ရာ ထောက်ပံ့မူက ၁၀၂၇ အစီအစဥ်နဲ့ ပတ်သက်မူမရှိနိုင်ပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ဖြစ်ပျက်နေတဲ့ကိစ္စကို သိပြီးသားပါ။ သူတို့က တရုတ်-မြန်မာ နယ်စပ်အနီးမှာ တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ တပ်ဖွဲ့တွေကို တိုက်တွန်းရုံကလွဲပြီး တိုက်ပွဲတွေ ရပ်တန့်ဖို့ကိုတော့ မပြောတာတွေ့ရပါတယ်။ မြောက်ပိုင်းညီနောင်အဖွဲ့ဟာ တရုတ်တွေရဲ့ BRI ပရောဂျက်တွေကို ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ တရုတ်ကအယုံအကြည်ရှိမှာ မဟုတ်ဘူး။ မြောက်ပိုင်းနဲ့ နီးကပ်တဲ့ ဆက်ဆံမူရှိနေတဲ့အတွက် အနည်းဆုံး ယေဘုယျအားဖြင့်တော့ တရုတ်နိုင်ငံက ဆက်သွယ်မူပိုင်းဆိုင်ရာ နစ်နာမှုတော့ ရှိပါလိမ့်မယ်။
မေး- နောက်ပြီးညီနောင်သုံးဖွဲ့စတင်လိုက်တဲ့ စစ်ဆင်ရေးက ဘယ်အတိုင်းအတာထိ ရောက်သွားနိုင်လဲ။ (ဥပမာ ရှမ်းမြောက်ဘက်က နယ်မြေတွေသိမ်းပြီးရင် ငြိမ်သွားမယ်လို့ ယူဆလား။ဒါမှမဟုတ် တစ်နိုင်ငံလုံး အာဏာရှင်ပြုတ်ကျတဲ့အထိ အတူတိုက်သွားမယ်လို့ ယူဆပါသလား။ ဘယ်လောက်ထိ စစ်ပွဲတွေ ကျယ်ပြန့်လာနိုင်ပါသလဲ)။
ဖြေ- လက်ရှိတိုက်ပွဲတွေက ငြိမ်းချမ်းရေးကို ဦးတည်မယ်လို့ မထင်ဘူး။ ဒီစစ်ပွဲဟာ စစ်ရေးအရကြည့်မယ်ဆိုရင် နှစ်ဖက်စလုံး နိုင်မှာမဟုတ်ဘူး။ မြန်မာစစ်တပ်ဟာလည်း တပ်ဖြန့်ထားတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေကို တန်ပြန်ခုခံချေမှုန်းဖို့ အင်အားမရှိနိုင်ဘူး။ သူတို့က နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်ခဲ့ရပြီး ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေး အင်အားစုတွေဟာ မြန်မာစစ်တပ်ကို အနိုင်ယူဖို့ လုံလောက် အားကောင်းတဲ့ ပြည့်စုံမူ ရှိမနေဘူး။ တော်လှန်ရေးအင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှု အားနည်းနေပြီး ထိရောက်တဲ့ ဗဟိုကွပ်ကဲမှုလည်း မတွေ့ရဘူး။ အဖွဲ့အများစုဟာ ကိုယ့်အုပ်စုနဲ့ကိုယ် ရပ်တည်လုပ်ကိုင်နေတာ တွေ့ရတယ်။
မေး- အခုဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေအပြင် စစ်ကိုင်းဘက်မှာလည်း ကောလင်းလို မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်တာကို တွေ့ရတယ်။ ပြည်သူတွေမျှော်လင့်နေတဲ့ တော်လှန်ရေးအောင်မြင်တော့မယ်လို့ ပြောလို့ရနိုင်မလား။ ဘာတွေလိုဦးမလဲ။ နောက်ပြီး စစ်ကောင်စီက သူတို့အထိနာတာကြောင့် ဘယ်လောက်အထိ ပိုမိုလုပ်ဆောင်လာနိုင်လဲ။ ဘယ်လိုတိုက်ခိုက်မှုတွေအထိ လုပ်ဆောင်လာနိုင်လဲ သုံးသပ်ပြောကြားပေးပါဦး။
ဖြေ- ဒီပဋိပက္ခတွေ ဆက်ပြီးရှိနေဦးမှာဖြစ်ပြီး အနာဂါတ် ငြိမ်းချမ်းရေးအတွက် အလားအလာ မတွေ့ရသလောက်ပါပဲ။